ရာဇဝတ်မှုရှားလွန်လို့ အကျဉ်းထောင်တွေ အကုန်ပိတ်ပစ်လိုက်ရတဲ့ ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံ

ဥရောပနိုင်ငံတွေက အေးချမ်းလွန်းတဲ့ နိုင်ငံတွေအဖြစ် လူသိများပါတယ်။ ဥရောပနိုင်ငံတွေထဲမှာမှ နယ်သာလန်နိုင်ငံကတော့ ရာဇဝတ်မှု ဖြစ်ပွားနှုန်း အနည်းဆုံးဖြစ်ပြီး ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံလို့တောင် ခေါ်လာနိုင်ပါပြီ။ပိုပြီး အံ့သြစရာကောင်းတာက နယ်သာလနနိုင်ငံမှာ ရာဇဝတ်သား ရှားပါးချက်က အကျဥ်းထောင်တွေမှာ ထောင်ချစရာ အကျဉ်းသား မရှိတော့လောက်အောင် ဖြစ်တာကြောင့် အကျဉ်းထောင်တွေကို ပိတ်ပစ်လိုက်ရတဲ့အထိပါ။ ၂၀၀၉ ခုနှစ်တုန်းက စလို့ နိုင်ငံတွင်းရှိ ထောင်တွေမှာ အကျဉ်းသားဦးရေ နည်းပါးလွန်းတာကြောင့် အနည်းဆုံး အကျဉ်းထောင် ၂၇ ခုလောက် ပိတ်ပစ်ခဲ့ရပြီး ၂၀၁၇ တုန်းကဆိုရင် ထောင် ၅ ခု ထပ်ပိတ်ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတုန်းကဆိုရင် ဒတ်ခ်ျထောင်တွေမှာ အကျဉ်းသား မရှိလွန်းလို့ နော်ဝေအကျဉ်းသား ၂၄၀ ကို ထောင်လွတ်တွေမှာ ထည့်ဖို့ ခေါ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ရှိတဲ့ အကျဉ်းထောင်တွေကို အခြားနိုင်ငံတွေအတွက် ငှားရတဲ့အထိ ဖြစ်လာခဲ့တာပါ။ နယ်သာလန်ဟာ ဥရောပအတွင်း ရာဇဝတ်မှုအနည်းဆုံး နိုင်ငံဖြစ်လာခဲ့ပြီး လူဦးရေ ၁၇ သန်း ရှိတဲ့အနက် ၁၁,၆၀၀ သာ အကျဉ်းသားရယ်လို့ ရှိခဲ့ပါတယ်။ ဒါဟာ လူတစ်သိန်းမှာ ၆၉ ဦးသာ အကျဉ်းသားဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့ လျော့နည်းလာတဲ့ ရာဇဝတ်မှုတွေကြောင့် နောက်ဆုံးမှာ ဒတ်ခ်ျပါလီမန်က ထောင်တွေကို ထိန်းသိမ်းရတာနဲ့ ဝန်ထမ်းစရိတ်တွေ မကိုက်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ထောင်တွေကို ပိတ်ပစ်တာတွေ လုပ်လာရတာပါ။ Irish Times သတင်းအရ ၂၀၀၄ ခုနှစ်လောက်ကစလို့ နယ်သာလန်မှာ မူးယစ်ဆေးအပြင်းစားတွေကိုသာ တားမြစ်ပြီး မူးယစ်ဆေး အပျော့စားတွေကို တရားဝင်ခွင့်ပြုခဲ့တာဟာလည်း ရာဇဝတ်မှု နည်းလာခဲ့တဲ့ အကြောင်းတွေထဲက တစ်ချက်ပါ။

တရားမဝင် မူးယစ်ဆေးသုံးစွဲသူတွေကိုလည်း ထောင်ဒဏ်ပေးမယ့်အစား ဆေးဖြတ်တဲ့ ကုသဆောင်တွေကိုသာ ပို့ခြင်း၊ ပြစ်မှုကျူးလွန်ထားသူတွေကို ခြေရာခံစက် တပ်ထားပေးခြင်း စတာတွေကလည်း ရာဇဝတ်မှုတွေကို လျော့ကျလာစေပါတယ်။ ရာဇဝတ်သားတွေကို ခြေရာခံစက် တပ်ပေးလိုက်တာဟာ နောက်ထပ်ပြစ်မှု ကျူးလွန်ခြင်းတွေကို မဖြစ်စေတော့ပါဘူး။ ရလဒ်အနေနဲ့ကတော့ ၂၀၁၁ လောက်ကစလို့ နယ်သာလန်မှာ ရာဇဝတ်မှုတွေ နည်းသထက် နည်းလာတာပါပဲ။ ကိစ္စတိုင်းမှာ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေသလို အခုလို နိုင်ငံအေးချမ်းလို့ ထောင်တွေ ပိတ်ပစ်လိုက်ရတာ ကောင်းတယ်ဆိုပေမယ့် အလုပ်အကိုင်ပေါင်း ၂,၀၀၀ ကျော်လောက် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

Credit-OP

Tips News