ခွေးကိုက်ခံရတဲ့ လူတစ်ယောက်ရဲ့ တစ်နှစ်ကျော်ကြာမှ ရင်နင့်ဖွယ်ဖြစ်ရပ်

ကျွန်မ နယ်ဆေးရုံ မှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ကျတုန်းက လူနာတစ်ယောက်ကို ခုထိ မှတ်မိနေသေးတယ်.လူနာက လွန်ခဲ့တဲ့ တစ်နှစ်လောက်က.ခွေးကိုက်ခံရဖူးတယ် ကြားထဲမှာ ဘာမှမဖြစ်ဘူး တစ်နှစ်ကျော်မှ ဖျားတယ် စိတ်ရှူပ်ထွေးသလို ကယောင်ကတမ်း နည်းနည်းဖြစ်တယ် တက်တာ သတိလစ်တာတော့ အဲဒီအချိန်မှာ မဖြစ်သေးဘူး

ဒါပေမယ့် အတွေ့အကြုံ အရမ်းရင့်ကျက်တဲ့ သမားတော်ဆရာဝန်ကြီးက သူ့ကို ခွေးရူးပြန်ရောဂါ သံသယ အဆင့်အနေနဲ့ တခြားလူနာတွေနဲ့ရောမထားဘဲ အမှောင်ခန်းထဲမှာ သီးသန့်ထားပါတယ် လိုအပ်တဲ့ supportive ကုသမှူတွေ လဲ လုပ်တယ် လူနာရှင်တွေ မိသားစုဝင်တွေကိုလဲ ဒီရောဂါဖြစ်နိုင်တဲ့အကြောင်း.လောလောဆယ် စောင့်ကြည့်နေရင်း လိုအပ်တဲ့ ကုသမှူတွေပေးနေတဲ့အကြောင်း ဒီ့ထက်ပိုပြီး diagnosis သေချာခဲ့ရင်တော့ ရန်ကုန်ဆေးရုံကြီးကို လွှဲရမှာဖြစ်တဲ့အကြောင်း သေချာရှင်းပြထားပါတယ် လူနာက လူငယ်ပါ အသက် အစိတ်လောက်ပဲရှိဦးမယ် သူက မြို့မှာ ဆေးဆိုင်ဖွင့်ပါတယ် ကျန်းမာရေး ဗဟုသုတရှိသူတစ်ယောက်လဲ ဖြစ်တော့ သူဟာ ခွေးရူးပြန်ရောဂါ ဟာ ဘယ်လိုရောဂါမျိုး ဘယ်လောက်ဆိုးတယ်ဆိုတာလဲ သူသေချာ သိထားပုံရပါတယ် သူ့ကို ကျွန်မတို့ ကျန်းမာရေး ဝန်ထမ်းတွေက ခွေးရူးပြန် ရောဂါ သံသယဆိုတာ ထုတ်မပြောကြပေမယ့် သူ့ဆွေမျိုးသားချင်းထဲက တစ်ယောက်ယောက် ပြောလို့ လားတော့မသိ သူ့ကို ဒီလို သတ်မှတ်ထားတာ သူသိနေပါတယ်

ဖျားနာဆောင်ရဲ့ အဆုံး ထိပ်နားလေးက သူ့ကို သီးသန့်ထားတဲ့ အခန်းကို ကျွန်မရောက်သွားတဲ့အခါ သူကျွန်မကို ပြုံးပြ ပါတယ်သူ့အပြုံးက “အေးဆေးပါ” ဆိုတဲ့ သူ့ကိုယ်သူ မာန်တင်းထားတဲ့ အပြုံးမျိုး ကျွန်မသူ့ကို လိုအပ်တဲ့ဆေးထိုးနေတုန်း သူက စပြောပါတယ် “ကျွန်တော် နေကောင်းတယ် ဆရာမ ကျွန်တော် ဘာမှ မဖြစ်ဘူး” တဲ့ “ဟုတ်ပါတယ် ကို(…) ဘာမှမဖြစ်ပါဘူး သက်သာသွားမှာပါ”လို့ အဖြူရောင် မုသားစကားကိုသုံးလိုက်တဲ့အခါ သူထပ်ပြုံးပါတယ် “ကျွန်တော့် ကို ခွေးရူးပြန်ရောဂါ လို့ ထင်နေကြတာ ကျွန်တော် သိပါတယ် တကယ်တော့ ကျွန်တော် ဘာမှကိုမဖြစ်တာ ဆရာမ.ဟေ့ ညီမလေး ပြူတင်းပေါက်တွေ ပိတ်မထားနဲ့ ဖွင့်လိုက်စမ်းပါ” ဆိုပြီး အနားက သူ့အမျိုးဖြစ်ပုံရတဲ့ ကောင်မလေး တစ်ယောက်ကို တံခါးဖွင့်ခိုင်းပါတယ် ကျွန်မ သူလုပ်သမျှကို တိတ်တဆိတ် ရပ်ကြည့်နေခဲ့တယ် ပြူတင်းပေါက်တွေ ပွင့်သွားတဲ့အခါ သူမျက်နှာတစ်ချက်မဲ့သွားတယ် ဒါမယ့် အားတင်းပြန်ပြုံးလိုက်ပြန်တယ်”တွေ့လား ဆရာမ ကျွန်တော် အလင်းရောင် လဲ ကြည့်နိုင်တယ်” တဲ့

ရေတစ်ခွက်ပေးပါလို့ သူခိုင်းပြန်တယ် တခွက်လုံးကုန်အောင် သူသောက်ပြတယ် “တွေ့လား ဆရာမ ကျွန်တော် အေးအေးဆေးဆေးပဲ.ရေလဲသောက်တယ် ရေမကြောက်ဘူး ဒီနေ့ တစ်ဘူးကုန်နေပြီ” တဲ့ သူ့လှူပ်ရှားမှူတွေကို ကြည့်ရင်း ကျွန်မဝမ်းနည်းလာတယ် ဒါဟာ သေခြင်းတရားကို ရင်ဆိုင်ရတော့မယ်လို့ သတ်မှတ်ခံထားရသူတစ်ယောက်ရဲ့ မနိုင်ရင်ကာ ရုန်းကန်ခြင်းမျိုးလား လက်မခံခြင်းဟာ သူ့ကို စိတ်သက်သာရာရစေမယ်နဲ့တူပါရဲ့ကျွန်မ နှူတ်က ထွက်သွားမိတယ်”ဟုတ်တယ် ကို (….) ကို ခွေးရူးပြန်ရောဂါလို့ ဘယ်သူမှ မပြောပါဘူး ဒီရက်ပိုင်း ဆေးနည်းနည်းထိုးပြီးတာနဲ့ ပြန်ကောင်းသွားမှာ စိတ်ချ”ဆိုတော့ သူမျက်လုံးနည်းနည်းလေးတော့ အရောင်လက်သွားတယ် ပြီး တစ်ယောက်တည်း ညည်းတွား သလို ခပ်တိုးတိုး ပြောတယ် “အဲဒါပြောတာပေါ့”တဲ့ ကျွန်မရင်ထဲမကောင်းလွန်းလို့ နံဘေးက သူ့အမျိုးကောင်မလေးကို ပြူတင်းပေါက်တွေ ပြန်ပိတ်ဖို့ ခြေဟန်လက်ဟန်နဲ့ ပြောလိုက်ပြီး အခန်းထဲက ထွက်လာခဲ့တယ် “အိပ်လိုက်ဦးနော်” လို့ သူ့ကို မှာခဲ့တယ်

သူ့ဆုတောင်းတွေမပြည့်ခဲ့ပါဘူး သူဘယ်လောက်ပဲ စိတ်ကိုတင်းထားထား နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဲဒီ Virus ဟာ Virusပီသစွာပဲ သူ့ကို အနိုင်ယူလာပါတယ် ကြိုတင်တွက်ဆခဲ့တဲ့အတိုင်း တဖြည်းဖြည်းနဲ့ သူ့အခြေအနေဟာ ဆိုးရွားလာခဲ့တယ် သူမကြောက်ပါဘူးဆိုတဲ့ အလင်းရောင် ကို အားတင်းထားတဲ့ကြားက သူကြောက်တတ်လာတယ် ဝူးဝူးဝါးဝါး နည်းနည်း အော်တယ် အချိန်တွေ နေရာတွေ လူတွေ သူမှန်အောင်မပြောနိုင်တော့ဘူး

ရောဂါ diagonosis သေချာသွားတာနဲ့ သမားတော်ကြီးက ရန်ကုန်ဆေးရုံကြီး ကို လွှဲလိုက်ပါတယ် ဆေးရုံကြီးမှာ သူတို့လို ဝေဒနာရှင် တွေအတွက် သီးခြားတိတ်ဆိတ်တဲ့ အမှောင်ခန်းလေးတစ်ခုရှိပါတယ် သူအဲဒီမှာ သိတချက် မသိတချက် ဝေဒနာတွေနဲ့ အားပြိုင်ရင်း သူမဆုံးခင်အထိ နေရပါမယ်

နောက်ရက်အနည်းငယ်အကြာမှာ သူဆုံးသွားခဲ့တယ်.မျှော်လင့်ပြီးသား တွေးထင်ပြီးသားဆိုပေမယ့် ကျွန်မရင်ထဲ စိတ်မကောင်းဖြစ်မိတယ်.ရောဂါဟာ ဘာလဲဆိုပြီး သေချာသိထားတဲ့ လူနာတစ်ယောက်ဟာ.သေမင်းကို နောက်ဆုံးလက်ကျန်ခွန်အားလေးနဲ့ လက်မခံချင်စိတ်နဲ့ ယှဉ်ပြိုင်အံတုခဲ့တဲ့ သူ့ရဲ့ မဆုံးခင်က ပြောခဲ့တဲ့ စကားတွေ ပုံရိပ်တွေ ခုချိန်ထိ ကျွန်မ မှတ်မိနေပါတယ်

ခွေးရူးပြန်ရောဂါ အကြောင်း

ခွေးရူးပြန်ရောဂါ ဟာ Rabies virus လို့ခေါ်တဲ့ virus ကြောင့်ဖြစ်တာပါ ခွေးရူးပြန်ရောဂါ လို့ခေါ်ပေမယ့် တကယ်တော့ ကြောင်အပါအဝင် နို့တိုက်သတ္တဝါတွေအားလုံးမှာ ဖြစ်နိုင်ပါတယ် (ကြောင်ကုတ်ခံရတယ်ဆိုပြီး ခွေးမှမဟုတ်တာ ဆိုပြီး ပေါ့တိပေါ့ဆ မနေသင့်ပါဘူး) Rabies virus ကူးခံထားရတဲ့ ခွေးသို့မဟုတ် သတ္တဝါ တစ်ကောင်ကောင်ရဲ့ ကုတ်မိတာ.ခြစ်မိတာ ကိုက်ခံရတာ ဒါမှမဟုတ် ကိုယ့်ခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ ပွန်းခြစ် ဒဏ်ရာ ဒါမှမဟုတ် အနာရှိနေတဲ့အချိန်မှာ ကူးစက်ခံထားရတဲ့ သတ္တဝါ ရဲ့ သွားရည် စသည်ထိမိတာ တွေကြောင့်ကူးနိုင်ပါတယ်

ရောဂါပိုးကူးစက်ခံရချိန်ကနေ လက္ခဏာပြချိန်ဟာ ဆယ်ရက်ဝန်းကျင်ကနေ တချို့ဆို နှစ်ပေါင်းများစွာ အထိ ရှိတတ်ပါတယ် ကျွန်မ ခုနက ပြောခဲ့တဲ့ လူနာဆိုရင် ခွေးကိုက်ခံရပြီး တစ်နှစ်လောက်မှ ရောဂါလက္ခဏာ ပြတာပါ ခွေးရူးရောဂါဖြစ်ပြီဆိုရင် ပျောက်ကင်းအောင်ကုသဖို့ ဆေးမရှိပါဘူး ရာနှူန်းပြည့် သေမှာပါဒါကြောင့် ခွေးကိုက်ခံရတာ ကြောင်ကုတ် ကြောင်ကိုက်ခံရတာမျိုးမှာ မပေါ့ဆကြဖို့ လိုပါတယ် ခွေးကိုက်ခံရရင် ထိုးစရာဆေးက သုံးမျိုးရှိပါတယ် မေးခိုင်ကာကွယ်ဆေးရယ် ခွေးရူးပြန်ကာကွယ်ဆေးရယ် ခွေးရူးအဆိပ်ဖြေဆေးရယ် ခွေးရူးပြန်ကာကွယ်ဆေးက လက်မောင်း သို့မဟုတ် တင်ပါးထဲကို သတ်မှတ်ထားတဲ့ရက်တွေအလိုက်ထိုးရပါတယ် ဒဏ်ရာ အရမ်းကြီးရင် ဒဏ်ရာထဲကို တစ်ဝက် လက်မောင်းကို တစ်ဝက်ထိုးရတယ် regime အမျိုးမျိုးရှိပေမယ့် အသုံးများတဲ့ regime က 0 ,3 ,7 ,14 ,28 ပါ ဆိုလိုတာက စကိုက်ခံရချင်းမှာ တစ်လုံး စကိုက်ခံရတဲ့ရက်ကနေ သုံးရက်အကြာမှာတစ်လုံးအဲလိုပုံစံနဲ့ နောက်ဆုံးအလုံးကိုတော့ စကိုက်ခံရတာကနေ 28 ရက်အကြာမှာ ထိုးရမှာပါ

ဆေးပတ်လည်အောင်ထိုးဖို့လို့ပါတယ် သက်ဆိုင်ရာ ဆရာဝန်က ထိုးရမယ့်ရက်ကို သေချာတွက်ပေးပါလိမ့်မယ် ခွေးရူးအဆိပ်ဖြေဆေးခေါ် Immunoglobulin ကိုပါ ထိုးနိုင်ရင် ပိုကောင်းပါတယ်သူကတော့ ကိုယ်အလေးချိန်နဲ့ တွက်ပြီး ထိုးရတာပါ တစ်ကြိမ်ထိုးရင် လုံလောက်ပါပြီ ထိုးရတဲ့ဆေးတွေ များကောင်းများပေမယ့်.ခွေးရူးရောဂါဟာ အင်မတန်ကြောက်စရာကောင်းတဲ့ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါမျိုးမို့.ခွေးကိုက် ကြောင်ကုတ်ခံရပြီဆိုရင် နီးစပ်ရာကျနိးမာရေးဌာနကို သွားပြပြီး လိုအပ်တဲ့ဆေးတွေထိုးဖို့လိုပါတယ် ခွေးပိုင်ရှင်ကြောင်ပိုင်ရှင်တွေအနေနဲ့လဲ မိမိတို့ ခွေးကြောင်ကို ကာကွယ်ဆေး မှန်မှန်ထိုးထားသင့်ပါတယ် အသက်ကိုဥာဏ်စောင့်ပြီး….အားလုံးကျန်းမာပျော်ရွှင်ကြပါစေ

မေတ္တာဖြင့်

Credit- စိမ်းမိုးစက်

Tips News

error: Content is protected !!