ခွေးတွေကို လမ်းမပေါ် အစာကျွေးရင် ထောင်ချတဲ့အထိ အရေးယူသွားမယ်လို့ စည်ပင်ပြောပြီ

ခွေးတွေကို လမ်းမပေါ်တွေမှာ အစာကျွေးရင် ထောင်ဒဏ်ချမှတ်တဲ့ အထိအရေးယူသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပြည်သူ့ကျန်းမာရေးနှင့် ဈေးလုပ်ငန်းတာဝန်ခံအဖွဲ့ တိရိစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရေး ဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမင်းစိုးက ပြောပါတယ်။ အရေးယူ ဆောင်ရွက်မှုကို အခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဥပဒေအရ အရေးယူ တဲ့ အဆင့် မလုပ်ဆောင်ခင် ပထမအဆင့်အနေနဲ့ အသိပညာပေးအဆင့်၊ ဒုတိယအဆင့် အနေနဲ့ ခေါ်ယူသတိပေး အဆင့် တွေကို အဆင့်ဆင့် လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလိုလုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်တွေ အလိုက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ၀န်ထမ်းတွေကို စောင့်ကြည့်ခိုင်းထား တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ခွေးတွေကို အများပြည်သူဆိုင်ရာ ဧရိယာတွေ ပေါ်မှာ အစာကျွေး တာ တွေဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တဲ့အတွက် မပြုလုပ်ကြဖို့ အသိပညာပေး ဗီနိုင်းပိုစတာတွေကို မကြာခင် ရက်ပိုင်းအတွင်း လိုက်လံချိတ်ဆွဲသွားမှာဖြစ်ပါတယ်။ အများပြည်သူတွေအနေနဲ့ ခွေးတွေကို လမ်းမပေါ်တွေမှာ အစာကျွေးရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈) ရဲ့ ပုဒ်မ ၂၃၅(က)အရ အရေးယူခံရမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါ တယ်။

သတင်း – ကျော်ဝေမင်း၊ 5 Plus News One Daily News

Tips News

error: Content is protected !!