စတုဒီတာ အလှူထမင်းစားကြရာမှ လူဦးရေ(၁၂၀)ခန့် အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကြပ္ပါယ်ကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာတွင် လူဦးရေ(၁၂၀)ခန့် စတုဒီတာ အလှူသွား စားမိရာမှ အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့ကြောင်း သိရသည်။ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က ရွှေတွင်းတူးရွာမှ စတုဒီတာအလှူတစ်ခုတွင် ပဲဟင်းနှင့် ညောင်ရွက်သုပ်ရောစွက်စားမိရာက ညနေပိုင်း၌ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

“ရွှေတွင်းတူးရွာမှာ မဟာသင်္ကြန်ကာလ မနက်တစ်ယောက် ညနေတစ်ယောက် အလှူရှင်တွေနဲ့ ဒါနပြုကြတယ်၊ အဲဒီလို ဒါနပြု ကြရာက တောထဲမှာ ညောင်ရွက်ရှိတယ်၊ ညောင်ရွက်ကို သုပ်ပြီးပွဲတည်ပေးတော့ စားကြတယ်ပေါ့ဗျာ၊ အဲဒါကနေ ပဲဟင်းရယ်၊ညောင်ရွက်သုပ်ရယ် စားကြတာပေါ့၊ ညောင်ရွက်သုပ်က နဂိုလ်ကတည်းက ဝမ်းပျက်တတ်တဲ့ အလေ့ရှိတယ်။ အတော်လေးတော့ ဆိုးဆိုးဝါးဝါး ဝမ်းပျက်ဝမ်းလျှောမှူဖြစ်ပွားခဲ့တာပါ” ဟု ဒေသခံ ဦးမြတ်စိုးက ပြောသည်။အခင်းဖြစ်ပွားရာ ကျေးရွာသို့ သရက်တောတိုက်နယ်ဆေးရုံမှ ဒေါက်တာဒေစုယဉ်နွယ်နှင့် သူနာပြုဆရာမများ အချိန်မီရောက် ရှိ ခဲ့သည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေသို့ မရောက်ရှိခဲ့ကြောင်း သိရသည်။

“တိုက်နယ်ဆေးရုံကလည်း ခုမှကျကာစဆိုတော့ ဒေါက်တာတွေကိုယ်တိုင် အကုန်ရောက်လာကြတယ်၊ သရက်တောတိုက်နယ်ဆေးရုံက ဒေါက်တာဒေါ်စုယဉ်နွယ်နဲ့ ကျန်းမာရေး မိသားစုတွေ အချိန်မီရောက်လာလို့ အားလုံးဘေးကင်းခဲ့ကြရတာပါ၊ ဖြစ်စက ကိုယ်တစ်ယောက်တည်း ဖြစ်တယ်ထင်ပြီး ကြိတ်ခံနေကြတာ၊ နောက်ကျမှ ဆေးရောင်းတဲ့ဆိုင်တွေ၊ ရေသန့်ဘူးရောင်းတဲ့ဆိုင်တွေကတစ်ဆင့်သိခဲ့ကြရတာပါ၊ စိတ်ချရတဲ့ အနေအထားမှာ အားလုံးရှိနေပါပြီ” ဟု ဦးမြတ်စိုးက ဆိုသည်။

လက်ရှိတွင် အဆိုပါဝမ်းပျက်ဝမ်းလျောဖြစ်ပွားခဲ့သည့် လူဦးရေ(၁၂၀)အား စောင့်ရှောက်ကြည့်ရှုပေးရန် ဒေသခံကျန်းမာရေး ဆ ရာမ တစ်ဦးရှိနေပြီး စလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြို့ပေါ် ပရဟိတအဖွဲ့များက ရေသန့်ဘူးများနှင့် ဓာတ်ဆား ထုပ်များဝေငှလှူဒါန်း ပေးလျှက်ရှိကြောင်း သိရသည်။

Credit-အကုန်သိ

Tips News

error: Content is protected !!