ရတနာပုံတက္ကသိုလ်ကျောင်းသားလေး သမဂ္ဂရုံးခန်းကို ၀င်စီးပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို ဖမ်းဆီး

Last modified date

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းကို ၀င်စီးပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးခေါ်သွား ။ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ။ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရုံးခန်းကို ကျောင်းအာဏာပိုင်များက ၀င်ရောက်စီးနင်းပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးဖြစ်သည့် ကိုကျော်သီဟရဲကျော် ကိုရဲမင်းထွန်း ကိုရဲမျိုးဆွေ တို့ ၃ ဦးကို ရဲတပ်ဖွဲ့က မန္တလေးမြို့ အမှတ် ၁၀ ရဲစခန်းသို့ ဖမ်းဆီးခေါ်သွားကြောင်း အဆိုပါ ကျောင်းသားသမဂ္ဂက တရားဝင်သတင်းထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁ နာရီတွင် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အာဏာပိုင်များ၏ အသုဘအခမ်းအနားကျင်းပရန် စီစဉ်နေချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတက္ကသိုလ်အပါအ၀င် တက္ကသိုလ်များတွင် လုံခြုံရေးပေးရန် ကျောင်းသားများက တောင်းဆိုခဲ့သော်လည်း လုံခြုံရေးပေးရန် ပျက်ကွက်မှုကြောင့် ယခုနောက်ဆုံး ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံခဲ့ရရာ ယင်းသို့ ပျက်ကွက်မှုကို ဆန့်ကျင်သောအားဖြင့် အာဏာပိုင်များ၏ အသုဘအခမ်းအနားတစ်ရပ်ကို ယနေ့ကျင်းပမည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ယနေ့ နေ့လယ် ၁ နာရီတွင် တက္ကသိုလ်တွင်ပင် အသုဘအခမ်းအနား ကျင်းပမည်ဖြစ်ပြီး ယင်းအသုဘအခမ်းအနားသည် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့ကို ရည်စူး၍ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Tips News