ဒေါ်နန္ဒမာလာကို အာမခံ​ပေးမည့်သူမရှိသေးတဲ့အပြင် အချုပ်ခန်းအတွင်း အတက်ရောဂါဖြစ်သဖြင့် အမှုကို ဆက်လက် မစစ်ဆေးနိုင်

ငွေကြေးလိမ်လည်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ဒေါ်နန္ဒမာလာကို အာမခံ​ပေးမယ့်သူမရှိလို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်​မြို့နယ် တရားရုံးက ပြန်​မလွှတ်​​ပေးသေးဘဲ အချုပ်နဲ့ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။ဇန်နဝါရီ ၂၈ ရက်မနက်​ပိုင်းက ဒေါ်နန္ဒမာလာကို ရုံးထုတ်ရာမှာ စစ်​ဆေးမှုမစခင်​ အချုပ်ခန်းထဲမှာ ကျန်းမာရေးမကောင်းဘဲ တက်​သွားတဲ့အတွက်​ အမှုကိုတော့ ဆက်လက် မစစ်​​ဆေးနိုင်​ခဲ့ပါဘူး။

ဒေါ်နန္ဒမာလာကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၄ ရက် ရုံးချိန်းမှာကတည်းက လူပုဂ္ဂိုလ်နှစ်​ဦး ကျပ်သိန်း ငါးထောင်စီနဲ့ စုစုပေါင်းကျပ်သိန်း တသောင်း အာမခံ​ပေးခွင့်ပြုထားပြီး အာမခံ​ငွေပမာဏ ကျပ်သိန်း တသောင်း ပိုင်​ဆိုင်​မှု ပြနိုင်မှသာ အချုပ်ပြင်ပကနေ တရားရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ဒီအမှုကို ဆက်လက်စစ်ဆေးဖို့ လာမယ့် ဖေ​ဖော်​ဝါရီ ၅ ရက်​​မှာ ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။

ဒေါ်နန္ဒမာလာဟာ စက်သုံးဆီလုပ်ငန်းနဲ့ ပတ်သက်လို့ ကျပ်သိန်း ၂၆ဝဝ လိမ်လည်သွားတယ်ဆိုပြီး တရားလို ဦးနေမျိုးနိုင်က လှိုင်မြို့နယ်တရားရုံးမှာ ၂ဝ၁၈ မတ်လက တရားစွဲခဲ့တာဖြစ်ပါတယ်။ဒေါ်နန္ဒမာလာကို ငွေကြေးသိန်းပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တရားရုံးနဲ့ မန္တလေးတိုင်း မဟာအောင်မြေတရားရုံးတွေမှာလည်း တရားစွဲဆိုထား ပါတယ်။

Credit-ဒီဗီဘီ

Tips News