ဖျားချင်သည့်အချိန် ဖျားနိုင်အောင် ထုတ်လုပ်ထားသည့် ဒေါ်လာ ၈၀ တန် တစ်သျူးစက္ကူ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်က ကုမ္ပဏီတခုက တုပ်ကွေးဗိုင်းရပ်တွေ ထည့်သွင်းထားတဲ့ တစ်သျူးစက္ကူဘူးတွေကို ဒေါ်လာ ၈၀ နဲ့ စတင်ရောင်းချနေပြီလို့ UPI သတင်းမှာ ဖော်ပြထားပါတယ်။ဒီတစ်သျူး စက္ကူဘူးတွေကို အသုံးပြုတာနဲ့ ကိုယ်ဖျားနာချင်တဲ့အချိန်မှာ အဆင်သင့်ဖျားနာ နိုင်အောင် ရည်ရွယ်တာပဲဖြစ်ပါတယ်။ဒီတစ်သျူးစက္ကူတွေကို Vaev လို့ခေါ်တဲ့ ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပြီး “လူတွေနှာချေထားတဲ့ အရာတွေကို သယ်ဆောင်ထားတဲ့ တစ်သျူးစက္ကူတွကို အသုံးပြုခြင်းက ဆေးထိုးခြင်း၊ ဆေးသောက်ခြင်းတွေထက် ပိုပြီး အန္တရာယ်ကင်းပါတယ်” လို့ပြောကာ တစ်သျူး စက္ကူပေါ်က ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့လိုက်ပါက တုပ်ကွေးပျောက်ဆေးနဲ့ အခြားအလားတူ ကာကွယ်ဆေးတွေကို အသုံးပြုခြင်းနဲ့ တူညီတဲ့ အကျိုးကို ရရှိစေမယ်လို့ ဆိုပါတယ်။

“ဒီစက္ကူတွေဟာ ဓာတုဗေဒ ပစ္စည်းတွေနဲ့ ပိုးသတ်ဆေးတွေမပါဝင်ဘူး” လို့ ကုမ္ပဏီ ကပြောဆိုထားပြီး “အသုံးပြုသူတွေကိုလည်း ကိုယ့်အစီစဉ်နဲ့ ကိုယ်ဖျားနာကြဖို့” ဖိတ်ခေါ်ထားပါတယ်။ဒီလိုဖျားနာခြင်းကြောင့် နောက်ထပ် ဖျားနာမှုတွေ ထပ်မဖြစ်လာနိုင်ကာ ခရီးသွားဖို့ အစီစဉ်ဆွဲထားတယ်ဆိုရင် ကြိုတင်ဖျားနာထားခြင်းနဲ့ ခရီးသွားနေစဉ် ရုတ်တရတ် ဖျားနာခြင်းကို ကာကွယ်နိုင်လိမ့်မယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ကုမ္ပဏီဘက်က ဒီလိုထုတ်ပြန်ကြေညာထားပေမယ့် ဒီတစ်သျူးစက္ကူတွေမှာ ပါဝင်တဲ့ ဗိုင်းရပ်စ်တွေကို ဖန်တီးထားတာလား ဒါမှမဟုတ် ဖျားနာနေတဲ့ လူသားတွေဆီက စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုထားတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါဘူး။

ကုမ္ပဏီရဲ့ ထုတ်ပြန်ကြေညာချက်တွေက ထောက်ပြမေးခွန်းထုတ်မှုတွေကို ဖြစ်စေလျက်ရှိပြီး ဗန်ဒါဘစ်ဆေးတက္ကသိုလ်ရဲ့ ပေါမောက္ခအဖြစ်ဆောင်ရွက်နေတဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဝီလီယမ်ရှက်ဖ်နာက ဒီတစ်သျူးတွေက အမှန်တကယ် ထိရာက်မှုရှိနိုင်ပါ့မလားလို့ မေးခွန်းထုတ်ပါတယ်။“ဒီတစ်သျူး စက္ကူတွေကသာ အမှန်တကယ် ပြောတဲ့အတိုင်း ဆောင်ရွက်နိုင်တယ်ဆိုရင် ဒါဟာ အန္တရာယ်ဖြစ်စေနိုင်မှာ ဖြစ်ပြီး ဒါတွေက အမှန်တကယ် အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ ထင်ပါတယ်။ လက်ရှိအချိန်မှာ ကူးစက်နိုင်တဲ့ သာမာန်အအေးမိ ဝေဒနာပေါင်း ၂၀၀ လောက်ရှိပြီး ခင်ဗျားအနေနဲ့ တခုကို ကူးစက်ခံရပြီဆိုရင်တောင် နောက်ထပ် အဖျားရောဂါတွေ ထပ်မံ ကူးစက်နိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်” လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် တစ်သျူးစက္ကူတွေမှာ ပါဝင်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေဟာ ကုမ္ပကနေ အသုံပြုသူတွေ လက်ထဲ ရောက်တဲ့အထိ အသက်ရှင်နိုင်လားဆိုတာ သူသံသယရှိတယ်လို့ ပြောပြီး ဒါတွေကိုဝယ်မယ့်အစား ဒေါ်လာ ၈၀ ကို တခြားနေရာမှာ အသုံပြုသင့်တယ်လို့ အကြံပြုပါတယ်။

Credit-DVB

Tips News

error: Content is protected !!