လှိုင်သာယာတွင် ချစ်သူမိန်းကလေးအား နောက်ရည်းစားထားသည်ဟုဆိုကာ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၌ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား နောက်ထပ် ရည်းစားထားသည်ဟုဆိုကာ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၌နေထိုင်သော မ——-၊ ၂၃ နှစ်မှာ ဇန်နဝါရီလ ၂၆ ရက်၊ ည ၇ နာရီခန့်က ထိုးသွင်းဒဏ်ရာများဖြင့် ဆေးရုံသို့ရောက်ရှိနေသည်ဟု လှိုင်သာယာဆေးရုံက အကြောင်းကြားသောကြောင့် အဒေါ်ဖြစ်သူတရားလိုက လှိုင်သာယာဆေးရုံသို့လိုက်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆေးရုံသို့ရောက်စဉ် တူမဖြစ်သူမှာ ရင်ညွှန့်၌ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဘယ်လက်ဖျံ၌ ပြတ်ရှဒဏ်ရာများ ရရှိသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသည့်တူမဖြစ်သူသည် ယင်းနေ့(ဇန်နဝါရီလ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲက လှိုင်သာယာမြို့နယ်၊ မြေတိုင်း ၂၃၊ ကစင်ရွာ၊ စိန်ပန်းလမ်းနှင့်ခရေလမ်း(၁)လမ်းထောင့်တွင် ရည်းစားဟောင်းဖြစ်သူ ဇော်ထွန်း၊ (၃၅)နှစ်နှင့်ချိန်းတွေ့ခဲ့ကြစဉ်တွင် မ——-အား နောက်ထပ်ရည်းစားထပ်ထားသည်ဆိုပြီး အသင့်ပါလာသော အရိုးအသွား( ၈) လက်မခန့်ရှိ အဝါရောင် ကော်လက်ကိုင်ရိုးတပ်စတီးဓားဖြင့်ထိုးရာမှ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း အဒေါ်ဖြစ်သူအားပြောပြသဖြင့် သိရှိခဲ့ရသည်။ မ——- ၂၃ နှစ်၏ ဒဏ်ရာများမှာပြင်းထန်သည့်အတွက် လှိုင်သာယာဆေးရုံမှ အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသပေးရန် ဆောင်ရွက်နေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် သေဆုံးသူ၏အဒေါ်ကအရေးယူပေးရန်တိုင်တန်းချက်ကြောင့် ပြစ်မှုကျူးလွန်သည့် ဇော်ထွန်း၊ ၃၅ နှစ် (ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ လမန်းအုပ်စုမိုးသပြေရွာနေထိုင်သူ)ကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အမှုနှင့်ပတ်သက်၍ ယနေ့(ဇန်နဝါရ်ီလ ၂၇ ရက်)၊ နံနက်ပိုင်းတွင် ဇော်ထွန်း၊ ၃၅ နှစ်ကို လှိုင်သာယာမြို့မရဲစခန်း၌ လူသတ်မှုဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Credit-Akonthi

Tips News

error: Content is protected !!