ၾသစေၾတးလ် အမ်ိဳးသမီးတဦး အိမ်သာထိုင်စဉ် မြွေကိုက်ခံရ

သြစတြေးလျနိုင်ငံက အမျိုးသမီးတဦးဟာ အိမ်သာထိုင်စဉ် အိမ်သာအိုးထဲက မြွေကိုက်ခြင်းကို ခံခဲ့ရတယ်လို့ USA Today သတင်းမှာဖော်ပြပါတယ်။ဒီဖြစ်ရပ်ဟာ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကဖြစ်ပွားခဲ့တာပါ။မြွေကိုက်ခံရသူဟာ ဟယ်လင် ရစ်ချတ်လို့ခေါ်တဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦး ဖြစ်ပြီး ဆွေမျိုးတွေ အိမ်ရောက်ရှိနေချိန်မှာ အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။“အိမ်သာခွက်ပေါ် ထိုင်လိုက်ချိန်မှာ ချွန်ထက်တဲ့ အရာတခုက ကျမခန္ဓာကိုယ်အောက်ပိုင်းကို လာထိခဲ့ပြီး တဆက်တည်းမှာပဲ နာကျင်မှုကိုခံ စားခဲ့ရပါတယ်” လို့ ဟယ်လင်ရစ်ချက်က ဒေသတွင်း မီဒီယာတခုကို ပြောပါတယ်။

ဟယ်လင်ဟာ အရှည်ငါးပေရှိတဲ့ စပါးအုံမြွေကိုက်တာကို ခံခဲ့ရတာဖြစ်ပြီး အဆိပ်မရှိတဲ့ မြွေဖြစ်တာကြောင့် အခုချိန်မှာတော့ နာကျင်မှုတွေ သက်သာပျောက်ကင်းသွားပြီပဲဖြစ်ပါတယ်။“ဒီဒေသမှာ မြွေတွေက အိမ်သာခွက်ထဲဝင်နေတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ပြီးတော့ ဒီမြွေတွေဟာ သူတို့ခြိမ်းခြောက်ခံနေရတယ်လို့ မခံစားရမချင်း လူတွေကို အန္တရာယ်မပြုတတ်ပါဘူး” လို့ အိမ်သာအိုးထဲက မြွေကို ဖယ်ရှားခဲ့သူ ဟန်ဒလာကပြောပါတယ်။

အိမ်သာထိုင်စဉ်မြွေကိုက်ခံရတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စမျိုးမဟုတ်ဘဲ ဟယ်လင်ရဲ့ ဖြစ်ရပ်မှာလည်း သူမဟာ အိမ်သာကို မီးမဖွင့်ဘဲ ဒါမှမဟုတ် အိမ်သာခွက်ထဲကို သေချာမကြည့်ဘဲ ဝင်ထိုင်လိုက်လို့ တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့လဲ သူမကဆက်လက်သုံးသပ်ပါတယ်။“လူကဝင်ထိုင်လိုက်တော့ မြွေက ကြောက်လန့်ပြီး တိုက်ခိုက်လိုက်တာ ဖြစ်နိုင်ပါတယ်” လို့လဲ မြွေမျိုးစိတ်များနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတဦးက ဆိုပါတယ်။ဟယ်လင်ရစ်ချတ်ဟာ မြွေကိုက်မှုဒဏ်ရာကို ကုသပြီးဖြစ်ပေမယ့် သူမကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် စိုးရိမ်ထိတ်လန့်မှုရှိနေဆဲဖြစ်ကြောင်း ပြောကြားကာ အိမ်သာကို မစစ်ဆေးဘဲ အသုံးပြုခြင်းကို ရှောင်ကျဉ် တော့မယ်လို့လည်း ဆိုပါတယ်။

Credit-ဒီဗီဘီ

Tips News