ရဲကိုဓားဖြင့် ခုတ်ကာ သေနတ်လုယူသည့် မူးယစ်ရမ်းကားသူကို ရဲက ပစ်ခတ်ဖမ်းဆီးသဖြင့် သေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ငှက်ကြီးတောင် ဓားကိုင်ကာ မူးယစ်ရမ်းကား၍ နေသူတစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန်လုပ် ဆောင်ရာတွင် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်ကာ သေနတ်လုယူသည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကော့မှူးမြို့နယ်၊ သခွတ်ကျေးရွာတွင် ဇန်န၀ါရီလ ၂၅ ရက်၊ ညနေ ၆ နာရီခန့်က မြင့်သန်း(၃၈)နှစ်သည် အရက်ဆိုင်၌ အရက်သေစာသောက်စားမူးယစ်ကာ ငှက်ကြီးတောင်ဓားဖြင့် လိုက်ခုတ်နေကြောင်း သတင်းပေးချက်အရ ကော့မှူးမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက် ထိန်းသိမ်းခဲ့ရာ ရဲတပ်ဖွဲ့က၀ိုင်းဝန်းဖြောင်းဖျခဲ့သော်လည်း လက်မခံဘဲ အပြင်သို့ ထွက်ပြေးသွား သည့်အတွက် ဒုတပ်ကြပ် ခင်ကိုဝင်းနှင့် ရဲတပ်သားသက်ကြည်တို့ နှစ်ဦးက အနောက်မှ လိုက်သွားခဲ့ကြောင်း သိရသည်။“မြင့်သန်းက ထွက်ပြေးသွားလို့ ရဲနှစ်ဦးကနေပြီးတော့ အနောက်ကနေ လိုက်သွားပြီး ဖမ်းတာပါ။ ဒါပေမဲ့ အဖမ်းမခံဘဲ လက်မှာ ကိုင်ထားတဲ့ ငှက်ကြီးတောင်ဓားနဲ့ ရဲကိုလိုက်ခုတ်တဲ့အပြင် သေနတ်ကိုလုတဲ့အတွက် ရဲက ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးချပြီး သေနတ်နဲ့ ပစ်လိုက်တာပေါ့။ နှစ်ချက်လောက်ပစ်လိုက်တယ်ထင်တယ်။ ဆီးခုံကိုမှန်ပြီး အဲဒီဒဏ်ရာနဲ့ မြင့်သန်းသေဆုံးသွားတယ်” ဟု ကော့မှူးမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ရဲတပ်ဖွဲ့ဝင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မြင့်သန်း(၃၈)နှစ်၏ ဘယ်လက်မောင်း၌ ဒဏ်ရာတစ်ချက်ရရှိသွားခဲ့သော် လည်း ထပ်မံဓားဖြင့် ခုတ်ရန်ကြိုးပမ်းသောကြောင့် နောက်ထပ်ပစ်ခတ်လိုက်ရာဆီးခုံကို ထိမှန်သွားပြီး ယင်းဒဏ်ရာဖြင့်ပင် သေ ဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအတွက်ကြောင့် သေဆုံးသူမြင့်သန်း(၃၈)နှစ်၏ အလောင်းကို ဆေးရုံသို့တင်ပို့ပြီး ဖြစ်စဉ်ကို ကော့မှူးမြို့မရဲစခန်းမှ အသေး စိတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Credit-Akonthi

Tips News