ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်းကို အေအေလက်နက်ကိုင်အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်းကို မတ်လ ၉ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ခန့်က အေအေ လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ရကြောင်း သိရသည်။

”ယိုးတရုတ်ရဲစခန်း တိုက်ခိုက်ခံရတာ မှန်တယ်။ ကျဆုံးတာလည်းရှိတယ်။ အခု စစ်ဆေးနေတုန်းပါ” ဟု ပြည်နယ်ရဲတပ်မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။

ဒေသခံတစ်ဦး ပြောကြားချက်အရ စခန်းမှူးနှင့် ဒုတပ်ကြပ်တစ်ဦး လွတ်မြောက်သွားခဲ့ပြီး ကိုးဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ကလည်း အေအေ သောင်းကျန်းသူအဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံး၊ ကိုးဦး ဒဏ်ရာရရှိကာ အမျိုးသမီးများနှင့် ကလေးငယ်များကို လူတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် ရဲကင်းစခန်းလေးခုမှာ ကျောင်းတောင်၊ ငမြင်းဘော်၊ ခထီးလှ၊ ဂုပ္ပိစခန်းတို့ဖြစ်ပြီး ဇန်နဝါရီ  ၄ ရက် နံနက် ၆ နာရီခန့်တွင် အေအေ အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အေအေအဖွဲ့က ရဲစခန်းများကို တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်က နယ်မြေလုံခြုံရေးအတွက် စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ပြီး အေအေ နှင့် လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း ရာနှင့်ချီရှိနေကြောင်း သုံးသပ်ထုတ်ပြန်မှုများအရ သိရသည်။

Credit-ဧရာဝတီ

Tips News