ဇော်မိုး (ပိုင်အိုနီးယား) ပြောပြထားတဲ့ အိမ်တစ်အိမ်ဆင်းရဲရခြင်းအကြောင်း (၅) ချက်

အိမ်တစ်အိမ်ဆင်းရဲရခြင်းအကြောင်း_၅ချက်။

ဦးဘုန်း(ဓာတု)ရှင်းပြထားတာလေးအလွန်ကောင်းပါတယ်။သူရဲ့အတွေးအခေါ်အယူအစပိုင်းမှာတော့နိုင်ငံရေးနဲ့ဆက်နွယ်ပြီးဟောပြောဖို့အားသန်တယ်၊ဒီဆင်းရဲရခြင်း(၅)ချက်ကနိုင်ငံရေးဘက်ရောက်သွားတော့နိုင်ငံရေးသမားတွေကကြိုက်တာပေါ့။တကယ့်အတုယူစရာအချက်တွေကနိုင်ငံရေးထဲမျောသွားပြီးဝါးတားတားဖြစ်သွားတာနှမျောစရာပဲ။

ကျွန်တော်အနေနဲ့နိုင်ငံရေးမပါတဲ့ရှင်းလင်းချက်ကလေးနဲ့ဒီ(၅)ချက်ကိုဆွေးနွေးရရင်….အိမ်တစ်အိမ်ဘာကြောင့်ဆင်းရဲနေလဲ….

(၁)#မိဘတွေစီမံခန့်ခွဲမှုညံ့ဖျင်းရင်ဆင်းရဲမယ်။(ဒါကိုသူက နိုင်ငံတစ်နိုင်ငံနဲ့ပမာပြတော့ အစိုးရပေါ့)ကျွန်တော်တို့အနေနဲ့နိုင်ငံရေးမပါပြောရရင်…မိဘတိုင်း၊ မိဘတိုင်းဟာ အိမ်တစ်အိမ်စီးပွားဖြစ်မဖြစ်ချမ်းသာမသာ အရေးကြီးဆုံးသောလုပ်ဆောင်သူတွေပါ။မွေးကတည်းကစလို့မိဘအုပ်ထိမ်းမှုအောက်မှာရှိနေသမျှကာလပတ်လုံး(လွတ်လွတ်လပ်လပ်မပျံသန်းခင်)အချိန်ထိမိဘတွေကရှာဖွေကျွေးမွေးစောင့်ရှောက်ပေးလာတာ၊အရွယ်ရောက်သည်လို့ကိုယ့်လမ်းကိုကိုယ်လျောက်နိုင်တဲ့အချိန်ထိ မိဘတွေကပဲကျွေးမွေးလာတာ။ဒီနေရာမှာမိဘတွေစီမံခန့်ခွဲမှုညံ့ဖျင်းရင်သားသမီးတွေအနေအစားဆင်းရဲမယ်၊အနာဂါတ်မရေရာဘူး။ဒီနေရာမှာ ဦးဘုန်း(ဓာတု)က သူ့မိဘတွေနဲ့ခိုင်းနှိုင်းပြီး ဥပမာပေးတယ်ဗျ။

သူတို့ဆင်းရဲခဲ့ရတာဟာ သူ့မိဘတွေ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆင်းရဲခဲ့ရတယ်တဲ့။(မန့်တွေထဲမှာ ဝိုင်းဆဲလိုက်ကြတာ၊ မိဘကိုတောင် အပစ်ဖို့တဲ့သားသမီး၊ဒီအရွယ်ထိရောက်အောင်ကျွေးမွေးလာတာ၊အခုလိုဟောပြောနိုင်အောင်မိဘတွေကပဲပျိုးထောင်ပေးလာတာ ဘာညာသာတကာ ပေါ့ ဝိုင်းဆဲနေကြတာ)ဒါပေမယ့် ဆရာ က မိဘကိုအပစ်ဖို့နေတာမဟုတ်ဘူး။စီမံခန့်ခွဲတဲ့အပိုင်းမှာညံ့ဖျင်းလို့ဆိုတာပါတယ်။အဲဒါအရေးကြီးဆုံးပဲ။ကျွန်တော်တို့အတုယူရမယ်၊ကြိုတင် ပြင်ဆင်ရမယ်။

သူက သူ့မိဘတွေက ဝန်ထမ်း အဖေက အရက်ကလေးတမျှမျှ၊အမေက ရတာအကုန်သုံး၊ရေရှည်ရည်မှန်းချက်မထားတော့ ဆင်းရဲတာပေါ့တဲ့၊မှန်တယ် ကျွန်တော်ထောက်ခံတယ်၊ဥစ္စာဖြိုစာဖိုကတဲ့ စားဖိုကစည်းကမ်းမရှိရင်လည်းရှာတာကုန်မှာပဲ၊ဓားကိုဖျက်တာဝါးမြက်၊လူကိုဖျက်တာအရက်တဲ့…အရက်…အရက်..သောက်ပါများရင်သူလည်းပျက်စီးတာပဲ၊ပင်ပန်းလို့သောက်တယ်၊ပျော်လို့သောက်တယ်၊စိတ်ညစ်လို့သောက်တယ်၊အပေါင်းသင်းစုံလို့သောက်တယ်၊သောက်ချင်လို့ကြိုက်လို့သောက်တယ်၊သောက်နည်းအမျိုးမျိုးပါပဲ၊ဒါပေမယ့်ကိုယ့်ဝင်ငွေနဲ့ချိန်စပြီးသောက်ရင်တော့ မကောင်းတဲ့အထဲကကောင်းတယ်လို့သတ်မှတ်လို့ရတယ်။

ဒါက သူပြောသွာတဲ့ ဥပမာလေးကိုရှင်းပြတာ။ကျွန်တော်ဘက်က ပြန်ကြည့်မယ်….ကျွန်တော်ရဲ့မိဘတွေကြောင့်သာ ကျွန်တော်ဒီလိုနေနိုင်တယ်။အထူးသဖြင့်အဖေပေါ့၊သူလည်းဝန်ထမ်း၊တပ်က၊မမျှော်လင့်ပဲအနားယူလိုက်ရတဲ့အချိန်မှာ သားသမီးလေးယောက်အတွက် အပြင်မှာ လုပ်ကိုင်စားဖို့ unready ၊သူအရက်အလွန်ကြိုက်တယ်၊ဗိုလ်လောင်းဘဝမှာကတည်းက အရက်ကိုစွဲစွဲမြဲမြဲသောက်လာတာ၊အပြင်ရောက်သည်အထိပဲ၊အပြင်ရောက်တော့လည်းစိတ်ညစ်လို့သောက်နေတုန်း၊ဒါပေမယ့် အချိန်မီသူရဲ့စိတ်ကိုပြုပြင်နိုင်ခဲ့လို ကျွန်တော်တို့မောင်နှမတွေဘဝ ပန်းလိုလန်းခဲ့ရတာပါ။

သူအလွန်ကြိုက်တဲ့အရက်ကိုတိကနဲဖြတ်ပစ်ခဲ့ပြီးသားသမီးတွေအတွက် သူအလုပ်လုပ်ခဲ့တယ်၊အလုပ်ကိုစုံနေအောင်ကိုလုပ်တာ။တချို့အလုပ်တွေအောင်မြင်ခဲ့သလို၊တချို့တွေလည်းအရှုံးပေါ်တာပေါ့။ပြီးတော့အလုပ်ကိစ္စနဲ့ဘယ်သွားသွား တစ်ရက်နဲ့ပြီးတဲ့ကိစ္စဆိုအိမ်ကိုညနက်သန်းခေါင်လည်းပြန်တယ်၊ဘယ်တည်းခိုခန်းမှသိပ့်မတည်းဖြစ်ဘူး။

ထမင်းဆိုလည်းဆိုင်တွေမှာဝယ်စားရင်ပိုက်ဆံအပိုကုန်မှာကြောက်လို့အိမ်ရောက်မှအမြဲစားတတ်တဲ့အဖေ၊အမေဆိုလည်းအဖေရှာသမျှချိုးခြံချွေတာပြီးစုတတ်တယ်၊မလိုအပ်ပဲဘာတစ်ခုမှမသုံးတဲ့အမေ၊သူတို့နှစ်ယောက်ကြိုးစားခဲ့ကြလို့လည်း ကျွန်တော်တို့မောင်နှမလေးယောက်အခုလိုနေနိုင်ကြတာ၊အဖေသာ…စိတ်ညစ်ညစ်နဲ့ ယစ်ထုပ်ကြီးဘဝနဲ့ကုန်ဆုံးကြည့်ပါလား၊သူကိုပြန်ကြည့်မယ့်သူငယ်ချင်းတစ်ယောက်မှမရှိသလို၊ကျွန်တော်ကိုယ်တိုင်လည်းဆိုက်ကားနင်းနေရမှာအမှန်ပဲ။အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုကောင်းခဲ့လို့သာအခုလိုကျွန်တော်တို့နေနိုင်တာဗျ။အဲဒီအတွက်အဖေနဲ့အမေကို ညီအစ်ကိုမောင်နှမတွေကိုယ်စား ကျေးဇူးတင်မိပါတယ်။အခုကျွန်တော်တို့လည်း သမီးနှစ်ယောက်နောင်ရေးအတွက်စီမံခန့်ခွဲမှုကောင်းဖို့လိုပါတယ်။(ဒီအချက်အရေးကြီးတယ်နော်)

၂။#အိမ်တစ်အိမ်မှာမောင်နှမအချင်းချင်းရန်သတ်ရန်ဖြစ်နေရင်လည်းဆင်းရဲတယ်၊(ဦးဘုန်း-ဓာတု က ပြည်တွင်းစစ်နဲ့ပမာပြသွားတယ်)ဒါကနိုင်ငံရေး…ကျွန်တော်တို့မိသားစုအရေးနဲ့ပြန်ကြည့်ရင်…ကလေးဘဝငယ်ငယ်တုန်းက ရန်ဖြစ်ကြတာကသဘာဝ၊မောင်နှအချင်းချင်းရန်ဖြစ်ကြတယ်၊ပြီးပြန်ခေါ်တယ်။အရွယ်ရောက်လာတဲ့အချိန်မှာ ရန်ဖြစ်နေကြရင် အဖေနဲ့အမေ စီးပွားကောင်းကောင်းရှာလို့မရတော့ဘူး၊အိမ်တွင်းအပူရှိရင်လည်း ဆင်းရဲတာပဲ၊ဒီနေရာမှာ ကျွန်တော်တို့မောင်နှမလေးယောက်နဲ့ နှိုင်းကြည့်ရင် ငယ်ငယ်က တအားရန်ဖြစ်ကြတာ၊လေးယောက်သားပါတ်ချာလည်ကိုဖြစ်တာ၊ကလေးအရွယ်လေဗျာ၊ကြီးလာတော့ရန်မဖြစ်ကြတော့ဘူး၊တစ်ယောက်အားနည်းချက်ကိုတစ်ယောက်ဖြည့်စီးပေးကြတယ်။လုပ်ငန်းခွင်မဝင်ခင် မိဘအရိပ်အောက်မှာနေတဲ့အချိန် ရန်ဖြစ်ရန်သတ်နေလို့ကတော့ မိဘတွေအနေနဲ့ ငွေဆင်းရဲတာထက်၊စိတ်ဆင်းရဲမှုကပိုများတယ်ဗျ။

နံပါတ် ၃ အချက်က…#အိမ်တစ်အိမ်ဆင်းရဲရခြင်းအကြောင်းမှာအိမ်တွင်းသူခိုးတွေရှိရင်လည်းအဲ့ဒီအိမ်ဆင်းရဲတယ်တဲ့…မှန်တာပေါ့ အဖေပဲရှာရှာ၊အမေပဲရှာရှာ ရှာထားတဲ့ငွေကို သေခြာမစုစောင်းပဲ မိသားစုဝင်တွေအဘက်ဘက်ကဝိုင်ခိုးနေရင်..မွဲမှာပဲ..ဘိုးဘွားတွေရှာထားတဲ့ငွေတောင်လောက်မှာမဟုတ်ဘူး။အဖေလုပ်သူက အမေမသိအောင်ခိုးလိုက်၊ရှာထားတဲ့ငွေအကုန်မအပ်ပဲ ကိုယ်သုံးဖြုန်းဖို့အတွက်ချန်ထားတာတို့၊KTVမှာသွားဖြုန်းတာတို့၊သားသမီးကလည်း မိဘရှာဖွေစုစောင်းထားတဲ့ငွေတွေကို လစ်ရင်လစ်သလိုခိုး၊ ဂိမ်းဆိုင်တွေမှာသွားဖြုန်း၊မူယစ်ဆေးစွဲနေတဲ့သားသမီးဆိုပိုဆိုးဗျာ၊မရရတာအိမ်ကပစ္စည်းအကုန်ခိုးတာ၊လောင်ကစားဝါသနာပါရင်လည်းထိုနည်းလည်းကောင်းပဲ၊ရှာသမျှသူတို့ပတ်ခိုးနေတာနဲ့ကုန်မှာ၊အမေလုပ်သူကလည်း အဖေမသိအောင်ခိုး၊နှစ်လုံး၊သုံးလုံးတွေထိုး ပေါက်နေရင်တော့ပြသနာမရှိ မပေါက်ခဲ့ရင်လိုက်လေမြုပ်လေနဲ့ အိမ်ပါမကျန်ဖြစ်တတ်တယ်ဗျ။

ဒီတော့ အိမ်တွင်းသူခိုးမရှိအောင် ငယ်ငယ်ကတည်းက သေခြာချာလေ့ကျင့်သင်ကြားနိုင်ပါမှ ရှာထားသမျှ ခံစားရမှာပေါ့။(ဦးဘုန်း-ဓာတု ကတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ လာဒ်ပေးလာဒ်ယူ ဥပမာပေး ပြီးခပ်ပါးပါးလေးပဲပုတ်သွားတယ်၊အမှန်က ဒီထက်အကျယ်ချဲ့လို့ရသေးသဗျ)ကျွန်တော်တို့ ကံကောင်းခဲ့တာက အိမ်မှာ အိမ်တွင်းသူခိုးမရှိခဲ့တာပဲ။

နောက်နံပါတ်(၄)အချက် အပျင်းထူတဲ့သူ၊ရေသာခိုအချောင်သမားတွေပေါနေရင်လည်း ဆင်းရဲတာပဲတဲ့။အခုခေတ်ကြီးမှာပိုဆိုးတာပေါ့၊မိသားစုဝင်များတဲ့အိမ်တစ်မှာ တစ်ယောက်လုပ်စာနဲ့ထိုင်စားနေလို့ဘဝမလှလောက်ဘူး၊မိသားစု(၅)ယောက်လောက်ရှိတဲ့အိမ်မှာ သုံးယောက်လောက် အနည်းဆုံးအလုပ် လုပ်မှကို စားဝတ်နေရေး ကာမိမှာ၊ အဖေတစ်ယောက်တည်းအလုပ်လုပ်ပြီး ကျန်တဲ့လေးယောက်က အပျင်းထူ၊ရေသာခိုအချောင်လိုက်နေမယ်၊ဘာအလုပ်မှမလုပ်ပဲထိုင်စားနေမယ်ဆိုရင် သာမှန်ပြည်သူတစ်ယောက်အနေနဲ့အိမ်စရိတ်ဘယ်လိုမှလုံလောက်နိုင်စရာမရှိဘူး။

ကိုယ်နဲ့သင့်တော်တဲ့အလုပ်ကလေးကိုယ်စီလုပ်ကြမှသာ၊ဆင်းရဲခြင်းဆိုတဲ့စကားစုကလွတ်မြောက်နိုင်မှာပါ။ကျွန်တော်တို့အိမ်မှာ အဖေအမေနဲ့အတူ ရုန်းကန်လှုပ်ရှားခဲ့ရတာ ကျွန်တော်ပဲ ၊ အစ်ကိုကြီး(စစ်တက္ကသိုလ်)၊ညီငယ်(စစ်တက္ကသိုလ်)၊ညီမငယ်(၁၀)တန်းဘော်ဒါ ပြင်ဦးလွင်မှာတက်နေတဲ့အချိန် သူတို့အားလုံး မပူပင်စိတ်သောကမရောက်အောင် အဖက်ဖက်ကဖြည့်စီးပေးခဲ့တာက အဖေရယ်၊အမေရယ်၊ကျွန်တော်ရယ်….ကျွန်တော်သာ…အဖေအမေလုပ်စာထိုင်စားပြီး၊ဘာအလုပ်မှမလုပ်ပဲ သုံးဖြုန်းသောက်စားမူးယစ်နေမယ်ဆိုရင် အဖေလည်းရှာသလောက်လောက်မယ်မထင်ဘူး၊အမေလည်း စုသလောက်ကုန်မှာပဲ၊ကျန်တဲ့ညီအစ်ကိုမောင်နှမတွေလည်း သူတို့ရည်မှန်းချက်ပန်းတိုင်ကိုရောက်မယ်လို့မထင်ဘူး။ဒါကြောင့် အိမ်တစ်အိမ်မှာ ရေသာခိုအချောင်လိုက်တဲ့သူများရင်လည်း အဲဒီအိမ်ဆင်းရဲတယ်လို့ ဦးဘုန်း-ဓာတု ကဆိုထားတာ။(နိုင်ငံရေးအရကြည့်ရင်လည်းအတူတူပဲ)

နံပါတ်(၅) #အိမ်နီးချင်းကောင်းမရှိရင်လည်းဆင်းရဲတယ်။အိမ်နီးချင်းကောင်းမရှိရင်ဘာကြောင့်ဆင်းရဲလည်း….ကိုယ့်ပတ်ဝန်းကျင်အိမ်တွေမှာ အိမ်ရှေ့အိမ်က ဘောလုံးဒိုင်၊နောက်ဖေးအိမ်က မူးယစ်ဆေးဖြန့်ဖြူးနေတဲ့အိမ် ၊အိမ်တောင်ဘက်က မိန်းမပျက်တွေနဲ့ပျော်ပါးရာအိမ်၊အိမ်မြောက်ဘက်က နှစ်လုံးသုံးလုံးဒိုင် ဒီလိုပတ်ဝန်ကျင်မကောင်းတဲ့နားမှာနေရင်လည်းဆင်းရဲတယ်။ကျွန်တော်တို့ကံကောင်းခဲ့တာက ပတ်ဝန်းကျင်ကောင်းတဲ့အိမ်နီးနားချင်းတွေနဲ့ဆုံခဲ့ရလို့ပါပဲ။

ကိုယ့်ကိုမကူညီရင်တောင် ဘုရားတရားနဲ့ကိုယ့်ကျင်သိက္ခာကောင်းတဲ့မိသားစုတွေရှိရင်အရင်ဆုံးတော့စိတ်ချမ်းသာမှုရမယ်၊ကိုယ်ရှာသလောက်ထွက်ပေါက်နည်းသွားတာပေါ့။
ကဲ…ကျွန်တော်တို့တစ်တွေလည်းစီမံခန့်ခွဲမှုကောင်းကောင်းနဲ့ အခုကတည်းက သားသမီးတွေရဲ့အနာဂါတ်ပန်းလေးတွေလှပပွင့်လန်းနေအောင်ကြိုတင်ပြင်ဆင်ကြပါဆို့လားဗျာ။

Credit-ဇော်မိုး ပိုင်အိုးနီးယား ၁၁၅

Tips News

error: Content is protected !!