ကုန်ကျစရိတ် ၅ ဒသမ ၂ ဘီလီယံသုံးစွဲတည်ဆောက်ထားသော ကမာရွတ် TTC ငါးထပ်ကျောင်းဆောင်သစ်ကြီး အက်ကွဲမှုဖြစ်ပေါ်နေ

ကုန်ကျစရိတ် ၅ ဒသမ ၂ ဘီလီယံကျော်သုံးပြီး တည်ဆောက်ခဲ့သော တစ်နှစ်ကျော်သာရှိသေးသည့် ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ငါးထပ်ကျောင်းဆောင်သစ်၏ ဘေးနံရံများ အက်ကွဲမှုဖြစ်နေကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

အက်ကွဲမှုနှင့်ပတ်သက်၍ အက်ကွဲရသည့်အကြောင်းအရင်းနှင့် မည်သို့ ပြုပြင်ထိန်းသိမ်းမည်ကိုသိလိုကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက တက္ကသိုလ်ပါမောက္ခချုပ်၊ ပြင်ဆင်ထိန်းသိမ်းရေးနှင့် တည်ဆောက်ရေးအဖွဲ့ထံ ဇန်နဝါရီ ၂၄ ရက်က စာပေးပို့မေးမြန်းထားသည်။

ကျောင်းဆောင်သစ် ပြုပြင်နေခြင်းကို ဇန်နဝါရီ ၂၃ ရက်ကတွေ့ရပြီး မြေညီထပ်တစ်လျှောက် အက်ကွဲရာများရှိပြီး ဖာထေးထားသည်ကိုလည်း တွေ့ရကြောင်း၊ ငါးထပ်စလုံး အက်ကွဲရာပေါ်သည့်နေရာတွင် ပြုပြင်ရန် ငြမ်းဆင်ထားသည်ကိုလည်းတွေ့ရကြောင်း ယင်းသမဂ္ဂက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် တင်ထားသည်။

ငါးထပ်ကျောင်းဆောင်သစ် အက်ကွဲမှုအတွက် တာဝန်ယူတည်ဆောက်ခဲ့သည့် ကုမ္ပဏီ၊ အင်ဂျင်နီယာမှူးများနှင့် ညှိနှိုင်းကာ အခြေအနေကို ကွင်းဆင်းလေ့လာပြီးမှ အက်ကွဲမှုအတိုင်းအတာ၊ ဖြစ်ရသည့်အကြောင်းအရင်းနှင့် မည်သို့ပြုပြင်ဆောင်ရွက်မည်ကို အကြောင်းပြန်နိုင်မည်ဟု ယင်းတက္ကသိုလ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (တီတီစီ ကမာရွတ်) ငါးထပ်ကျောင်းဆောင်သစ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က ပညာရေးဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

Credit – The Voice WeeklyUnicode

Tips News

error: Content is protected !!