ထိုင်းဂူဖြစ်ရပ်တုန်းက ကလေးမိဘတွေကိုဖုံးကွယ်ထားခဲ့တဲ့ ကယ်ဆယ်ရေးလျို့ဝှက်ချက်များ

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း နည်းပြအပါအ၀င် တောဝက်ဘောလုံးအဖွဲ့တစ်ဖွဲ့ ဂူထဲပိတ်မိနေတဲ့ သတင်းဟာ ကမ္ဘာကျော်သွားတဲ့ သည်းထိတ်ရင်ဖို ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အမျိုးသား(၁၃) ဦးပါ တောဝက်ဘောလုံးအသင်းဟာ မယ်ဆိုင်လိုဏ်ဂူထဲ ပျောက်ဆုံးနေခဲ့ရာမှာ ဗြိတိန်ရေငုပ်သမားနှစ်ယောက်ရဲ့ အကူအညီနဲ့ သူတို့ကို အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြန်တွေ့တဲ့အခါမှာတော့ နည်းပြနဲ့ ကောင်လေး(၁၂) ယောက်ကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးတွေ ခေါင်းစားခဲ့ရတဲ့ အချိန်လည်း ဖြစ်ခဲ့ပါတယ်။တောဝက်ဘောလုံးအသင်း ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ သတင်းထောက် လီယမ်ကုတ်ခ်ျရိန်းက ဖော်ပြထားတဲ့ အကြောင်းအရာတွေကို အခုလို သိရပါတယ်။ ဂူတွင်းကယ်ဆယ်ရေးအောင်မြင်ဖို့အတွက် သက်ဆိုင်ရာလူကြီးတွေဟာ နည်းလမ်းအမျိုးမျိုး စဉ်းစားခဲ့ကြပါတယ်။

ရေကျတဲ့အချိန်ထိ စောင့်ပြီး လူကယ်ထုတ်ဖို့ ဆိုရင်လည်း အချိန်မလောက်တာကြောင့် ပယ်ခဲ့ကြပါတယ်။ ဂူထဲအနေကြာလေလေ အောက်ဆီဂျင်အရည်အသွေးကျပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေသာ တိုးပွားလေလေဖြစ်တာကြောင့် ရေကျဖို့ အထိ စောင့်လို့ မရနိုင်ပါဘူး။နောက်တစ်ခုကလည်း မကြာခင်မှာ မိုးကြီးရွာသွန်းမှာ ဖြစ်တာကြောင့် ဂူထဲဆက်နေရင် အားလုံးရေနစ် သေကုန်မှာ ဖြစ်ပါတယ်။ နောက်ဆုံး ရွေးချယ်စရာမရှိတဲ့အခါမှာတော့ ကလေးတွေကို ရေငုပ်သင်ပေးပြီး အပြင်ထုတ်သယ်လာမယ်ဆိုတဲ့ သတင်းထွက်လာခဲ့ပါတယ်။မီဒီယာတွေထဲမှာလည်း ကလေးတွေကို ရေငုပ်သင်ပေးမှာ ဖြစ်တဲ့အကြောင်းနဲ့ တစ်ယောက်ချင်းစီကို ရေငုပ်သမားတစ်ယောက်စီ အရှေနဲ့အနောက် ခြံရံကာ ကယ်ထုတ်လာမယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။ ဒါဟာ တကယ်တော့ ကလေးမိဘတွေကို စိတ်မပူအောင် ပြောတဲ့သတင်းလွှင့်ချက်သာ ဖြစ်ပြီး ကလေးတွေကို အမှန်တကယ် ရေငုပ်ခိုင်းခဲ့တာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဘယ်တုန်းကမှ ရေမငုပ်ဖူးတဲ့ ကလေးတစ်ယောက်အနေနဲ့ ရွံ့နောက်ရေတွေနဲ့ အကွေ့အကောက် အန္တရာယ်များတဲ့ မဲမှောင်နေတဲ့ လိုဏ်ဂူရေအောက်ကို ဖြတ်သန်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ဒါကြောင့် သူတို့ကို စိတ်ငြိမ်ဆေးတွေ ကျွေး အောက်ဆီဂျင်မျက်နှာဖုံးတွေ အုပ်ပြီးမှ ရေငုပ်သမားတွေက ခေါ်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။ တောဝက်ဘောလုံးအသင်းကို စိတ်ငြိမ်ဆေးတွေတိုက်ကျွေးဖို့အတွက် မေ့ဆေးဆရာဝန်ကြီးလည်းဖြစ်၊ ကျွမ်းကျင်ရေငုပ်သမားလည်း ဖြစ်တဲ့ သြစတေးလျဆရာဝန်ကြီး ဒေါက်တာရစ်ချက်ဟဲရစ်နဲ့ သူငယ်ချင်းဖြစ်တဲ့ ခရေ့ဂ်ချယ်လန်တို့က စီမံခဲ့ကြပါတယ်။

ဆရာဝန်ကြီးတွေအဆိုအရ အခုလို အဖြစ်မျိုးကို တစ်ခါမှ မကြုံဖူးတဲ့အတွက် နည်းယူစရာအဖြစ်လည်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဂူထဲကနေ ဂူပြင်ရောက်ဖို့ ရေငုတ်ရာမှာ အချိန်(၃) နာရီခန့် ကြာတာကြောင့် ဒီအချိန်အတွင်း တောဝက်အသင်းသားတွေ ဆေးဒဏ်နဲ့ ကြံ့ကြံ့ခံနိုင်ပါ့မလားဆိုတာလည်း ပူပင်နေခဲ့ရတာပါ။ဒေါက်တာရစ်ချက်ဟဲရစ်ဟာ တောဝက်အသင်းသားတွေကို စိတ်ငြိမ်ဆေး Xanax ဆေးပြားတွေကို တိုက်ကျွေးပါတယ်။ ပြီးနောက်မှာတော့ အိပ်ဆေး ketamine ကို အချိန်အဆနဲ့ သူတို့ရဲ့ ခြေထောက်ကြွက်သားတွေထဲကို ထိုးသွင်းခဲ့ပါတယ်။ နောက်ဆုံးဆေးကတော့ atropin ခေါ်တဲ့ ခံတွင်းထဲ တံတွေးအထွက်နည်းစေတဲ့ ဆေးပါ။ Atropine ကိုလည်း ခြေထောက် ကြွက်သားတွေထဲပဲ ထိုးသွင်းခဲ့ပါတယ်။ဒေါက်တာဟဲရစ်တို့ဟာ အကောင်းဆုံးပြင်ဆင်ခဲ့ပေမယ့် ဆေးတွေနဲ့ အာနိသင်ဟာ ဒီလောက်ထိခံပြီး ကောင်လေးတွေကို သက်သက်သာသာပဲ ကယ်နိုင်ခဲ့လိမ့်မယ်လို့ သူမထင်ခဲ့ကြောင်း နောက်ပိုင်းမှာ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။ ကလေးတွေကို အချိန်ဘယ်လောက်ထိ ခံနိုင်ရည်ရှိမှန်း သေချာတွက်ချက်လို့ မရနိုင်မယ့် စိတ်ငြိမ်ဆေး၊ အိပ်ဆေးတွေ ပေါင်းစပ်ပြီး တိုက်၊ အောက်ဆီဂျင်နဲ့ မျက်နှာဖုံးစွပ်ပြီး လက်ထိပ်ခတ်ကာ အကယ်ထုတ်ခံခဲ့ရတဲ့ အဖြစ်ကို ၄င်းတို့ရဲ့ မိဘတွေကို အသိမပေးခဲ့ကြပါဘူး။ အခုအခါမှသာ လိုဏ်ဂူထဲက တောဝက်အသင်းသား အားလုံး ကျန်းကျန်းမာမာနဲ့ လွတ်မြောက်နိုင်တဲ့ အချိန်ကျမှ ကယ်ဆယ်ရေးအတွင်း လျို့ဝှက်လုပ်ဆောင်ချက်တွေကို အခုလို သိခဲ့ရတာ ဖြစ်ပါတယ်။

Credit-လင်းလင်း (ShweMom)

Tips News

error: Content is protected !!