Telenor Broadband ဝန်ဆောင်မှုသည် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားမှုများအနက် အတိုင်ခံရဆုံးကိစ္စတခု ဖြစ်ဟုဆို

Telenor Broadband မိသားစု အဝသုံး Unlimited ဝန်ဆောင်မှုသည် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှု များအနက် တိုင်ကြားအခံရဆုံးကိစ္စရပ်တခု ဖြစ်ကြောင်း စားသုံးသူရေးရာကာကွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ပြောသည်။

”အခုက အဲဒါတွေအများဆုံးဖြစ် နေတယ်။ ကျွန်တော်တို့က ညှိနှိုင်းပေး တယ်။ မြန်မာ့ဆက်သွယ်ရေးဌာနကို အကြောင်းကြားထားတယ်။ ဒီကိစ္စ တွေနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက် ပေးဖို့၊ သူတို့ဘက်က ဆက်သွယ် ရေးအဖွဲ့တွေနဲ့လည်း တွေ့ဖို့ရှိတယ်။ အဲကိစ္စက တခါဆွေးနွေးလိုက်တခါပြီးသွားလိုက် နောက်တခါပြန်ဖြစ် လိုက်ဆိုတော့ ကျွန်တော်တို့လည်း Telenor၊ MPT ၊ Oreedoo ကလူတွေနဲ့ ခဏခဏရှင်းပေးနေရတဲ့ သဘောမှာရှိနေတယ်”ဟု ၎င်းက ပြောသည်။

Telenor Broadband မိသားစု အဝသုံး Unlimited ဝန်ဆောင်မှုမှာ တလ ၇၅ဝဝဝ ကျပ်ဖြင့် ၂ဝ၁၈ ခုနှစ် ဇွန်လက စတင်ခဲ့ပြီး နောက်ပိုင်းတွင်မျှတစွာသုံးစွဲခြင်းမူဝါဒအရဟုဆိုကာ တရက်လျှင် ဒေတာ 10GB သို့ လျှော့ချခဲ့သည်။

ယခုအခါထပ်မံ၍ မျှတစွာသုံးစွဲခြင်းမူဝါဒအရ တရက်လျှင် 3.7 GB အထိ လျှော့ချလိုက်ခြင်းကြောင့် သုံးစွဲသူများ အကြား ဝေဖန်မှုများကျယ်လောင်စွာထွက်ပေါ်လျက်ရှိသည်။

”လုပ်ချင်သလို လုပ်လို့ရနေသလို ဖြစ်နေတယ်။ သူတို့လုပ်သမျှ သုံးစွဲသူတွေက ဒီအတိုင်းခံနေကြရတယ်။ တကယ်တမ်းဖြစ်သင့်တာကတော့ စားသုံးသူတွေအပေါ် ကာကွယ်ပေးတာက မြန်မာပြည်မှာ အရမ်းအားနည်း တယ်။ တခုခုဆို ဆက်သွယ်ရေးအော်ပရေတာတွေက မိုးလား ကဲလားကြော်ငြာတယ်။ ကြော်ငြာပြီး တကယ်တမ်းဖြစ်လာရင် တာဝန်ယူမှု၊ တာဝန်ခံမှုတော်တော်လေး အားနည်းတယ်။ အစိုးရအနေနဲ့ ဒီလိုအော်ပရေတာတွေကို ထိထိရောက်ရောက်အရေးယူစေ ချင်တယ်”ဟု Telenor Broadband ဝန်ဆောင်မှုကို ၆ လကြာအထိ တက်ဆင်သုံးစွဲလာသူ ကိုနန္ဒအောင်က News Watch သို့ ပြောသည်။

စားသုံးသူရေးရာကာကွယ်ရေးဦးစီးဌာနအနေဖြင့် တိုင်ကြားမှုများနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ပေးနေပြီး လက်ရှိစားသုံးသူရေးရာဥပဒေ၏အားနည်းချက်များကြောင့် အရေးယူမှုအပိုင်းတွင် အားနည်းချက်များ ရှိနေကြောင်း၊ ဥပဒေသစ်ပြဋ္ဌာန်းပြီးပါက ထိထိရောက်ရောက် ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း ဦးမြင့်လွင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Telenor Myanmar သို့ ဆက်သွယ်မေးမြန်းရာ “တယ်လီနော Home Wireless Broadband ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီး အခုလက်ရှိဖြစ်ပေါ်နေတာတွေကို ကြားသိရတဲ့နောက် ကျွန်မတို့ ၀န်ဆောင်မှုကို သုံးစွဲနေတဲ့သူတွေအပေါ်စာနာနားလည်မိပါတယ်။ တယ်လီနောမြန်မာအနေနဲ့ သုံးစွဲသူတွေရဲ့ ဝေဖန်အကြံပြုချက်တွေကို အမြဲအလေးထားပြီး သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် အမြဲကြိုးစားနေပါတယ်။ အခုဝန်ဆောင်မှုမှာ FUP ကို သုံးစွဲရတာကလည်း တယ်လီနောဝန်ဆောင်မှုကို အသုံးပြုနေတဲ့ ၁၈ သန်းကျော်သော သုံးစွဲသူတွေ အားလုံး အသင့်တော်ဆုံး အင်တာနက် အတွေ့အကြုံကို တန်းတူညီတူရရှိဖို့နဲ့ မြန်မာ့အကောင်းဆုံး မိုဘိုင်းကွန်ရက်ပေါ်မှာ ဒေတာအခမဲ့ကို အလွန်အကျွံ လွဲမှားစွာ အသုံးချနေတဲ့သူတချို့ကြောင့် ပုံမှန်သုံးစွဲသူတွေ အနှောင့်အယှက်ဖြစ်ရတာမျိုးမဖြစ်စေရေး ကာကွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်””ဟု ကုမ္ပဏီ၏ဆက်သွယ်ပြန် ကြားရေးဌာနမှ တာဝန်ရှိသူတဦးကပြောသည်။

Tips News

error: Content is protected !!