ရဲတပ်ဖွဲ့က ရွှေလက်ကောက်များကို အတုနှင့်လဲကာ မိသားစုထံပြန်အပ်ဟု မိသားစုစွပ်စွဲ

မူးယစ်ဆေးဝါး သယ်ဆောင်လာသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အမျိုးသမီး၏ ရွှေလက်ကောက် ရှစ်ကွင်းကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီးနောက် မိသားစုကို ပြန်လည်အပ်နှံရာတွင် သုံးကွင်းကို ကြေးကွင်းများဖြင့် အစားထိုးပေးအပ်ခဲ့ကြောင်း စွပ်စွဲခံရသူ၏မိသားစုက ပြောကြားသည်။ဖေဖော်ဝါရီလ ၉ ရက်နေ့က မန္တလေးမြို့ မီဒီယာစင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ဒေါ်မြင့်သိန်းဆိုသူသည် ကွတ်ခိုင်မြို့မှ အလောင်းတော်ကဿပဘုရားသို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ဘုရားဖူးသွားစဉ် မန္တလေးမြို့ ၁၆ မိုင်စစ်ဆေးရေးဂိတ်သို့ ရောက်ရှိစဉ် လက်ကိုင်အိတ်အတွင်းမှ မူးယစ်ဆေးပြား ၄၅ ပြားတွေ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံခဲ့ရပြီး၊ ဝတ်ဆင်ထားသည့် ရွှေလက်ကောက်ရှစ်ကွင်းကို သိမ်းဆည်းခံခဲ့ရကြောင်း ၎င်း၏သမီး ဒေါ်လှလှဝင်းက ပြောကြားသည်။

“ဖမ်းခံရပြီးနှစ်ရက်အကြာမှာ အုန်းချောရဲစခန်းက အမေ့ဆီက သိမ်းသွားတဲ့လက်ကောက် ရှစ်ကွင်းကို ပြန်ပေးပါတယ်။ အမေ့အမှုအတွက် ငွေလိုတာရော၊ လက်ကောက်သုံးကွင်းက နည်းနည်းပိုကြီးနေတာကြောင့် ရောင်းဖို့သွားစစ်လိုက်တော့ သုံးကွင်းက ကြေးနဲ့လုပ်ထားတာကို သိရတာပါ။ အမေပြောပြချက်အရဆိုရင် ရဲတွေက သိမ်းတုန်းကလည်း ဒီအတိုင်းပဲ သိမ်းသွားတယ်။ ပြန်ပေးတော့လည်း ဘာမှစစ်ဆေးပေးတာမျိုးမရှိဘဲ ပြန်ပေးလိုက်တာပါ။ ကျွန်မတို့ စုံစမ်းကြည့်တော့ ရဲကသိမ်းရင် ပန်းတိမ်ဆရာနဲ့စစ်ပြီး သိမ်းရမယ်။ ပြန်ပေးရင်လည်း အဲ့လိုပဲ စစ်ဆေးပြီးမှ ပြန်ပေးရတယ်လို့ သိရပါတယ်”ဟု ၎င်းကပြောကြားသည်။

ဒေါ်မြင့်သိန်းစီးနင်းလာသည့် ခရီးသည်တင်ယာဉ်ကို စစ်ဆေးစဉ်ကလည်း ပထမအကြိမ် စစ်ဆေးရာတွင် မတွေ့ခဲ့ဘဲ ယာဉ်ပေါ်ကို ပြန်တက်ခိုင်းပြီး ကာယကံရှင်ရှေ့တွင်မဟုတ်ဘဲ နောက်တစ်ကြိမ်ယာဉ်ပေါ်ရှိ လက်ကိုင်အိတ်ကို စစ်ဆေးသည့်အချိန်မှာသာ တစ်ရှုးစက္ကူဖြင့် ထုပ်ထားသည့် မူးယစ်ဆေးပြားများကိုပြကာ ၄၅ ပြားတွေ့ရှိကြောင်းပြောဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။“အဲဒီကိစ္စ စုံခုံဖွဲ့စစ်ထားပြီးဖြစ်ပါတယ်။ အဲဒီမှာ ပေါ်ပေါက်ပါလိမ့်မယ်။ ကျွန်တော်တို့က စစ်တယ်။ တွေ့ရင်သိမ်းတာပေါ့ဗျာ။ ကျွန်တော်တို့ သိမ်းတဲ့အချိန်က သက်သေနဲ့တကွ သိမ်းခဲ့တာပါ။ ဗီဒီယိုပါ ရိုက်ထားပါတယ်။ ကျွန်တော်တို့ မဟုတ်တာဘာမှ လုပ်မထားပါဘူး”ဟု အမှတ် ၁၇ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ရဲအောင်က ပြောကြားသည်။

ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ဝင်များသာ ပါဝင်ခဲ့ပြီး အမှုကို တရားရုံးတင်စဉ်တွင် ယာဉ်မောင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် အမျိုးသားနှစ်ဦးကို ထည့်သွင်းထားရာ ဖမ်းဆီးခံရသူ၏ မိသားစုက စုံစမ်းရာတွင် ထည့်ထားသည့် သက်သေနှစ်ဦးမှာ ၁၆ မိုင်စစ်ဆေးေးရးဂိတ်အနီးတွင် ပန်းရောင်းသူတစ်ဦးနှင့် လက်ဖက်ရည်ဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးတို့ ပါဝင်နေကြောင်း မိသားစုဝင်များကဆိုသည်။လက်ရှိ ဒေါ်မြင့်သိန်းကို အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့်အပြင် အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ပြီး မန္တလေးခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းသို့ တရားရင်ဆိုင်နေရချိန်တွင် မိသားစုဝင်များက သမ္မတရုံး အပါအဝင် ဝန်ကြီးဌာနများသို့ ထောင်ချောက်ဆင်ဖမ်းဆီးခံခဲ့ရကြောင်း၊ ရွှေလက်ကောက်အတုများကို လဲလှဲပေးအပ်ခဲ့ကြောင်း တိုင်ကြားခဲ့သည့်အတွက် ဖမ်းဆီးရေးအဖွဲ့မှ ရဲအုပ် ထွန်းလင်း အပါအဝင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးတို့ကို စုံခုံဖွဲ့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Credit-The Voice

Tips News