ရုရှားတွင် ဂက်စ်ပေါက်ကွဲပြီး အဆောက်အအုံပြိုကျမှု၌ သေဆုံးသူ ၃၇ ဦးထိရှိလာ

ရှားနိုင်ငံ မက်ဂနီတိုဂေါ့စ်မြို့ရှိ လူနေတိုက် အဆောက်အအုံ တစ်ခုတွင် ဂက်စ်ပေါက်ကွဲမှု ဖြစ်ခဲ့ပွားပြီးနောက် တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့သော အဆောက်အအုံ အပျက်အစီးပုံထဲ၌ ကယ်ဆယ်ရေး သမားများက အလောင်းများ ထပ်မံတွေ့ရှိခဲ့ရာ ဇန်နဝါရီ ၃ ရက်တွင် သေဆုံးသူ အရေအတွက်မှာ ၃၇ ဦးထိ ရှိလာကြောင်း သိရသည်။

သေဆုံးသူများထဲတွင် ကလေးငယ်ခြောက်ဦး ပါဝင်ပြီး လူလေးဦးမှာမူ ယခုထက်တိုင် မည်သူမည်ဝါမှန်း အတည်မပြုနိုင်သေးကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အနုတ် ၂၇ ဒီဂရီ ဆဲစီးယပ်စ်ထိရှိနေသော ရာသီဥတုကို အံတု၍ ကယ်ဆယ်ရေး သမားများသည် ကွန်ကရစ်တုံး အပျက်အစီးများအား တူးဆွရှာဖွေမှုများ ပြုလုပ်နေပြီး အပျက်အစီးထဲမှ စုစုပေါင်း လူခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ၁၀ လသားအရွယ် ကလေးငယ်တစ်ဦးကို ကယ်ဆယ်ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက် နောက်ပိုင်းမှစ၍ အသက်ရှင် ကျန်သူများကို မတွေ့ရှိတော့ကြောင်း ဆိုသည်။ ဂက်စ်ပေါက်ကွဲမှုသည် ဒီဇင်ဘာ ၃၁ ရက် အရုဏ်တက်ချိန်တွင် မော်စကိုမြို့မှ ၁၇၀၀ ကီလို မီတာ (၁၀၅၀ မိုင်) အကွာရှိ ၁၀ ထပ် အဆောက်အအုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆိုဗီယက်ခေတ်တွင် တည်ဆောက်ထားသည့် အဆိုပါ အဆောက်အအုံတွင် လူ ၁၁၀၀ ခန့် နေထိုင်ပြီး ဂက်စ်ပေါက်ကွဲမှုကြောင့် တိုက်ခန်း ၃၅ ခန်း ပြိုကျပျက်စီးခဲ့ကာ လူဒါဇင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း သိရသည်။

Tips News