စပိန်နဲ့ ဂျပန်လုပ် ရထားတွေ ရောက်လာရင် ပြေးဆွဲမယ့် သံလမ်းတွေကို ဒီလိုခင်းနေပါပြီ

ကိုယ့်နိုင်ငံမှာ ဒါမျိုးရထားလမ်း ခုမှမြင်ဘူးတော့တယ် ….ဒီနေ့ မီးရထားလမ်းတလျှောက် လမ်းလျှောက်ရင်း မြင်မိတာလေး ရန်ကုန်မန္တလေးလမ်း အဆင့်မြှင့်နေတာ အတော့်ကို အသေအချာလုပ်နေတာ မြင်မိတယ်၊ သံလမ်းဟောင်းကို ဖယ်လိုက်ပြီး အောက်ခံကျောက်နဲ့ မြေသားကို ခပ်နက်နက် တူးထုတ်လိုက်တယ် မြေသားအမာခံကိုညှိပြီး ကျစ်သွားအောင် ထပ်ကြိတ်တယ် ပြီးမှ ကျောက်မှုန့်နဲ့ ကျောက်အသေးရောရာ ထူထူခင်းပြီး မှုန်ပြီး ညီညာချောမွေ့အောင် ထပ်ကြိတ်တယ်။

ပြီးမှ ကွန်ခရိဇလီဖားတုံးခင်းဘို့ ကျောက်အရွယ်ညီတွေကို ညီအောင်ခင်းပြီး ထပ်ကြိတ်တယ် မျက်နှာပြင်ညီသွားမှ ရထားသံလမ်းအရှည်တွေ ခင်းတယ်။ ဇလီဖားတုန်းတွေအကြား ကျောက်ဖြည့်တယ် ဇလီဖားတုန်းအစွန်းတွေကို ကျောက်နဲ့ဖုံးတယ် …. ရထားသံလမ်းအသစ်က အရင်သုံးတဲ့ သံလမ်းဟောင်းထက် နဲနဲပိုမြင့်တယ် ကွန်ခရိဇလီဖားတုံးနဲ့ သံလမ်းကို ဖိုင်ဘာအနက်ပြားလေးတွေ ခံထားပြီးမှ သံလမ်းထိန်း စွန်ကုပ်ပင်အလိမ်လေးတွေ ရိုက်သွင်းပြီး ညှပ်ထိန်းထားတယ် ရထားသံလမ်းတဆက်က ပေ ၂၀၀ ကျော် ၃၀၀နီးပါးရှိတယ် သံလမ်းတခုနဲ့တခု အဆက်ကို သံရည်ကြိုပုံလောင်း ဂဟေဆော်ပြီး ဆက်ရာအထစ်ပျောက်သွားအောင် ကျောက်ဘီး သံစားညှိစက်နဲ့ ညှိလိုက်တယ်။

အဆက်ရာ ပျောက်သွားအောင်ပါ။ အရင်က ရထားစီးရင် ဂျုတ်ဂျုပ် ဂျက်ဂျက် မြည်သံဟာ သံလမ်းအဆက်နေရာက မြည်သံပါ။ သံလမ်းအသစ်မှာ ပျောက်သွားပါမယ် အသံငြိမ်သွားပါမယ်။ မြေထိန်းနံရံတွေ တံတားတွေကအစ အုတ်စီတံတားခုံအစား သံကူကွန်ခရိတံတားတွေ ဖြစ်လာတယ်။ ရထားအသစ်နဲ့ဆိုရင် ငြိမ့်ညောင်းမှု အပြည့်ရမည် ထင်ရပါတယ်။ ၃နှစ်ကြာမယ့် လမ်းအဆင့်မြှင်တင်ခြင်းဟာ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် အချိန်နောက်ကျသွားနိုင်ပါတယ်။

ဘူတာအသစ် စင်္ကြန်အသစ် ရထားလမ်းအသစ် ရထားအသစ်နဲ့ဆိုရင် ခရီးကို မြန်မြန်နဲ့ အန္တရာယ်ကင်းကင်း သွားနိုင်ပြီမို့ ပြည်သူတယောက်အနေနဲ့ စိတ်ကူးယဉ်ပြီး ပျော်ရွှင်ဂုဏ်ယူမိပါတယ် ။ မြန်မာ့မီးရထားကို အဆင့်မြှင်တင်ပေးတဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို အထူးကျေးဇူးတင်လျှက် မဲပေးရကျိုးနပ်ပြီလို့ ကျေနပ်မိပါတယ်။

မြင့်လွင်

admin