ထိုင်းရဲများက ရေအမြောက်များဖြင့်လူစုခွဲပစ်ရန်ကြိုးပမ်းခဲ့ပြီးနောက် ဆန္ဒပြခေါင်းဆောင်များက ဆန္ဒထုတ်ဖော်မှုအဆုံးသတ်ကြောင်းကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့က အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို ရေအမြောက်တွေနဲ့လူစုခွဲပစ်ဖို့ ကြိုးပမ်းခဲ့ပြီးတဲ့နောက် ဆန္ဒပြခေါင်းဆောင်တွေက ဆန္ဒထုတ်ဖော်မှုကို ဒီနေ့အတွက် အဆုံးသတ်ပြီလို့ ကြေညာခဲ့ကြကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁၆ ရက်ညနေပိုင်းမှာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက သတိပေးထားတဲ့ကြားကပဲ စုရုံးခဲ့ကြတဲ့ထောင်နဲ့ချီတဲ့

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အရေပြားကျိန်းစပ်စေတဲ့ ဓာတုဗေဒအရည်တွေပါတဲ့ရေအမြောက်တွေနဲ့လူစုခွဲပစ်ဖို့ကြိုးပမ်းရင်း နံပါတ်တုတ်တွေ၊ ဒိုင်းတွေနဲ့ဖြည်းဖြည်းချင်း ရှေ့တိုးနေရာယူသွားကြတာကို မြင်တွေ့ရပါတယ်။

ဆန္ဒပြသူတွေက ထီးတွေနဲ့ကာရင်း အနောက်ကိုတစ်ဖြည်းဖြည်ဆုတ်ပေးခဲ့ရသလို တချို့ကလည်း ရေသန့်ဘူးတွေနဲ့ပြန်ပစ်ပေါက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ကို နုတ်ထွက်ပေးဖို့တောင်းဆိုထားပြီး ဘုရင်မဟာဗာဂျီရာလောင်ကွန်ရဲ့ဘုရင်စနစ်ကိုပါစိန်ခေါ်ခဲ့ကြတဲ့ဆန္ဒပြသူတွေက “ထွက်သွား၊ ထွက်သွား” လို့ ဟစ်ကြွေးခဲ့ကြပါတယ်။ ဆန္ဒပြခေါင်းဆောင်တစ်ဦးက “အာဏာရှင်အစိုးရဟာ လူထုလှုပ်ရှားမှုကို အကြမ်းဖက်တဲ့နည်းနဲ့ဖြိုခွင်းခဲ့ပါတယ်” လို့ ဆိုခဲ့ကြောင်း သိရပါတယ်။

admin