မိတ္ထီလာမြို့မရဲစခန်းဝန်းအတွင်းရှိ ရဲဓမ္မာရုံအတွင်း အိပ်ပျော်နေသည့် ရဲတပ်ဖွဲ့ဝင်များထံမှ ဖုန်းခြောက်လုံး ခိုးယူခံရပြီး သေနတ်တစ်လက်ပါ ပါသွားကြောင်း သိရ

မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် မြို့မရဲစခန်းဝန်းအတွင်းရှိ ရဲဓမ္မာရုံအတွင်း အိပ်ပျော်နေသော ရဲတပ်ဖွဲ့ဝင်များထံမှ ဇွန် ၉ ရက်က ဖုန်းခြောက်လုံးခိုးယူခံရပြီး Laptop အိတ်ဖြင့် ထည့်ထားသော ၃၈ ဗို့ ခြောက်လုံးပြူးတစ်လက်ပါ ခိုးယူမှုတွင် ပါသွားသဖြင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ အဆင့်မြင့်ရဲအရာရှိများ လာရောက်စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

COVID-19 ကာလအတွင်း မိတ္ထီလာခရိုင်အတွင်းရှိ ဝမ်းတွင်၊ သာစည်၊ မလှိုင်မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များသည် မိတ္ထီလာတွင် လာရောက်တာဝန် ထမ်းဆောင်နေရသဖြင့် အဆိုပါ ဓမ္မာရုံထဲတွင် စုပေါင်းအိပ်ရပြီး ၎င်းတို့အနက် ဒုရဲအုပ်တစ်ဦးသည် သေနတ်နှင့် ဖုန်းအား Laptop အိတ်ဖြင့် ထည့်ထားခြင်းဖြစ်ကာ အခြားရဲတပ်ဖွဲ့ဝင်များ၏ ဖုန်းများနှင့်အတူ အဆိုပါ Laptop အိတ်ပါ ခိုးယူခံရခြင်းဖြစ်ကြောင်း ပေါက်ချောင်းရပ်ကွက်နေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ Laptop အိတ်ထဲမှာ သူ့သေနတ်ရယ်၊ ဖုန်းရယ်ထည့်ပြီး ခေါင်းရင်းမှာ ထားအိပ်တာကို အိတ်နဲ့ သူ့များဖုန်း ငါးလုံးရယ် ခိုးသွားတာ၊ ခိုးချင်တဲ့လူက ဖုန်းနဲ့ Laptop ခိုးချင်တာနေမှာ၊ သေနတ် ပါ မပါ မသိလောက်ဘူး။ အကုန်လုံး ဖုန်းခြောက်လုံး ပါသွားတယ်၊ ဖုန်းတွေ အကုန်လုံးက ရဲတွေဖုန်းတွေ ဆင်းကတ်တွေလည်း ပါကြတယ်၊ အဲဒီလိုအိပ်တာမှာ ဒုရဲအုပ်က မနက်နှစ်နာရီကျော်မှ အိပ်တာ၊ အခြားလူတွေက အဲဒီထက်နောက်ကျတယ်၊ မနက်ခင်းလင်းခါနီးမှ ပါသွားတာ ဖြစ်နိုင်တယ်၊ အဲဒီလိုဆိုတော့ အခုတော့မြို့မရဲစခန်း တာဝန်ရှိသူတွေကတော့ သေနတ်နဲ့ ခိုးသွားတဲ့ကောင်ကို လိုက်ရှာနေကြတယ်။ မန္တလေးတိုင်းရုံးက ရဲတွေလည်း ရောက်နေတယ်၊ ဓမ္မရုံပြတင်းပေါက်တွေလည်း ဘယ်ကဝင်တာဖြစ်နိုင်လဲဆိုတာ လှေခါးထောင် စမ်းကြည့်နေကြတယ်” ဟု မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။

မိတ္ထီလာတွင် ဆိုင်ကယ်၂ စီး မျက်နှာ ...

“ အခုအခြေအနေကတော့ ခိုးမှု တော်တော်အတင့်ရဲလာတဲ့ သဘောရှိတယ်။ အတင့်ရဲတာက ဖမ်းဆီးရမိရင် ထိထိရောက်ရောက် မလုပ်နိုင်တာလားတော့ ကျွန်တော်လည်း သိပ်နားမလည်တော့ဘူး။ မိတ္တီလာမှာ ခိုးမှု တောက်လျှောက်ကြားနေရတယ်၊ ကျွန်တ်ာတို့ဘက်အခြမ်းက မြို့အစွန်ဆိုတော့ သိပ်မကြားရဘူး။ တက္ကသိုလ်ဘက် ရပ်ကွက်တို့၊ ပြည်သာယာဘက်တို့ဆို ခိုးမှု ကြားရတာများလို့ ရိုးတောင်နေပြီ။ ခိုးမှုက ဖြစ်ရိုးဖြစ်စဉ် များနေပြီ။ အဖြစ်များတာကတော့ ဆိုင်ကယ်နဲ့ ဖုန်းခိုးမှု အဖြစ်များတာပဲ။ အခုလိုမျိုး ရဲစခန်းဝန်းထဲက Laptop အိတ်၊ သေနတ်နဲ့ ဖုန်းအခိုးခံရတာဆိုတော့ တော်တော်လေး အံ့သြသွားပြီ။ သာမာန်ကျွန်တော်တို့လို အရပ်သားတွေကတော့ တော်တော်သတိထားဖို့လိုနေပြီ” ဟု NLD ပါတီ မိတ္ထီလာမြို့နယ်ဥက္ကဋ္ဌ ဒေါက်တာဝင်းစိုးဦးက ပြောကြားသည်။

လာဘ်စားသည့် မိတ္ထီလာမြို့မ ရဲစခန်း ...

အဆိုပါအမှုအား မိတ္ထီလာမြို့မရဲစခန်းမှ (ပ)၂၈၅/၂၀၂၀၊ ၁၉၄၉ လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှု၊ ယာယီအက်ဥပဒေပုဒ်မ-၂(၁)(က) ဖြင့်လည်းကောင်း၊ (ပ)၂၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်လည်း အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှုနှင့်ပတ်သတ်၍ မိတ္ထီလာ မြို့မရဲစခန်း၊ စခန်းမှုးဒုရဲမှုး ထွန်းထွန်းဝင်း၏ လက်ကိုင်ဖုန်းသို့ ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်ဆောင် ဖြေကြားခြင်းမရှိသဖြင့် အမှုဖြစ်စဉ် အသေးစိတ် အခြေအနေကို မေးမြန်းနိုင်ခြင်းမရှိသေးဘဲ ဖုန်းအဆက်အသွယ်ရရှိသည့်အခါ သတင်းအချက်အလက်များကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။

admin