စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်

စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

”မုန်တိုင်းက မေ ၂၀ ညနေခင်းမှာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်နိုင်ပါတယ်။ မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး ရေပြင်မြေပြင်လေက တစ်နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်ထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်က မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၉ ကနေ ၁၄ ပေခန့် ရှိနိုင်ပါတယ်”ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၁၈ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha) ၏ တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊ ဒီဂါမြို့ (Digha) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၉၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၅၅ မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ Coco Island ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်နှင့် ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

မုန်တိုင်းအကြောင်း | OnDoctor

စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၁၅.၂) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၆) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၂၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၄၀) နှုန်း ဖြစ်ကြောင်း၊ နောက် ၄၈ နာရီအတွင်း စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းများ၏အမည် - Tech Khit

ထို့ပြင် စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် မေ ၁၉ ရက်မှ ၂၁ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည် ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်သည် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၄ ပေ ခန့်ရှိနိုင်ကြောင်း မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်သည် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ဂျပန်ကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း ...

ထိုကြောင့် စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသအခြေအနေများကို လေကြောင်းပျံသန်းရေး အနေဖြင့်လည်းကောင်း ကြိုတင်သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။

admin